Tuesday, January 8, 2013

သူချစ်


သူ တွင်တွင်ငြင်းနေသည့် ကြားမှာပင်… နေဇော်ဟိန်းက မရမက ဆွဲခေါ်နေသဖြင့် အားနာမိသည်..။ အ၀တ်အစား လဲပါရစေဦးကွာ ဟုပင် ပြော၍မရ… တက္ကစီတစ်စီးကို ကတိုက်ကရိုက် ငှားအပြီးမှာတော့ သူလက်လျှော့လိုက်တော့သည်…။ဖြစ်ချင်ရာ ဖြစ်ကွာဟုသာ တွေးပြီး… တက္ကစီပေါ်တွင် ကန့်လန့်ကန့်လန့်ဖြင့် ပါသွားရသည်.. ။အသင့်ပါလာသော ဂျာနယ်တစ်စောင်ကို ဖတ်ရင်း..အချိန်ဖြုန်းပြီး နေဇော်ဟိန်းကိုလည်း စကားမပြောဖြစ်တော့…။ စိတ်မကောက်ပါနဲ့ ဓါတ်ဆီ ရယ်( သူ ဓါတ်ဆီမှောင်ခိုရောင်းဖူးသည်ကို အစွဲပြု၍ ဓါတ်ဆီဟု ခေါ်ခြင်းဖြစ်သည်..)..ဟု နေဇော်ဟိန်းကပြောပြီး ကွမ်းဂျီးတက်နေသော သွားတွေကို ပြဲခနဲ ပေါ်အောင် ဖြဲပြရင် ခပ်ဟဟ ရယ်နေပြန်သည်..။

နေဇော်ဟိန်းနှင့်သူ သည် ငယ်ပေါင်းမဟုတ်သော်လည်း အကူအညီလိုတိုင်း သူ့ဆီလာရင်း တတွတ်တွတ် ထိုး တတ်သောကြောင့် ညီအစ်ကိုရင်းသဖွယ် ဟု နေဇော်ဟိန်းက သတ်မှတ်ထားဟန်တူသည်..။ သူက လည်း သူ…တော်ရုံပြောလျှင် လိုက်လျောတတ်သော အကျင့်ကြောင့် တခါတခါတရံ ကိုယ့်ကိုယ်ကိုပင် ခိုင်းဘက်များ ဖြစ်နေမလား သံသယ၀င်မိသည်…။ မည်သို့ဆိုစေ သူကတော့ အပေါင်းအသင်းနဲ့ ပတ်သတ်လာလျှင် တတ်အားသ၍ တက်တက်ကြွကြွ ကူညီတတ်သူဟု အိမ်က အသိအမှတ်ပြုပြီးဖြစ်သည်..။

ယခုတလော သင်္ဘောသား ပူပူနွေးနွေး …ကုန်းပေါ်ပြန်ရောက်စ နေဇော်ဟိန်းက သူ့နဲ့ မနက်တိုင်းနီးပါး လက်ဖက်ရည်ဆိုင်အတူထိုင်ဖြစ်သည်..။ ယနေ့မှ ကောက်ကာငင်ကာ ကောင်မလေးတစ်ယောက်နဲ့ မြို့ထဲမှာချိန်းထား၍ အဖော်လိုက်ခဲ့ပါဟု အတင်းခေါ်နေသဖြင့်  သူပါလာခဲ့ရခြင်းဖြစ်သည်..။

သူမည်မျှပင် မသိချင်ယောင်ဆောင်နေနေ… ထိုဘယန်းနယူး သင်္ဘောသား ကတော့ ချိန်းထားသော ကောင်မလေးမှာ အွန်လိုင်းက သိကျွမ်းခဲ့ကြောင်း ..၊ သိပ်အချောအလှကြီးမဟုတ်သော်လည်း တွဲမည်ဆိုလျှင် တွဲပျော်ကြောင်း…၊ ဘာလိုလိုညာလိုလို ဖြစ်နေသော နှစ်ဦးသား အခြေအနေကို … ကြွားလုံးထုတ်တော့လေသည်…။ မကြားချင်မှ အဆုံးဖြစ်သော ဒီလို ဒီလို ပေါ်ပင် ဇာတ်လမ်းတွေ အကြောင်း သူကြားရသည်မှာ နားရည်ဝလှပြီဖြစ်သည်..။

မှတ်ချက်မပေး … တချက်တချက်လှည့်ကြည့်ပြီး ခေါင်းငြိမ့်ပေးနေရုံမှ အပ ပြောသမျှစကားတို့ကို  ဂျာနယ်မှ ကြော်ငြာတခု မျှလောက်ပင် စိတ်ဝင်စားစရာမရှိလှပေ…။ ဆိပ်ကမ်းသားလမ်းနား မှ Tokyo Dounet တွင် ချိန်းထားသည် ဟုလောက်မျှသာ သူသိသည်…။ မရောက်တာကြာပြီဖြစ်သော ဒီဆိုင်လေးထဲမှ အပြင်သို့ကောင်းစွာမြင်နိုင်သော နေရာတခုတွင် ထိုင်လိုက်သည်…။သရေစာ မစားတတ်သော သူ့အကျင့်ကြောင့် နေဇော်ဟိန်းက ခေါင်းဆတ်မေးသည်…ကို ကော်ဖီ တစ်ခွက်ဟု သာသူပြောလိုက်သည်…။ ဘောင်းဘီတို ဘေးအိတ်အတွင်းမှ အသင့်ပါလာသော စီးကရက်တလိပ်ကို ထုတ်ပြီး မီးငြိရင်း ဆိုင်အတွင်း မျက်စိကစား မိသည်…။ ကိုယ်လဲမသိ…သူ့လဲမသိသော ဒီလို အလုပ်မျိုးကို ကမ္ဘာပတ်နေသည့်လူတစ်ယောက် က စိတ်ကူးယဉ် အရူးထနေသည်ကိုလည်း မအံသြမိ…။ဒီကောင်က နဂိုကတည်းက ခပ်ကြောင်ကြောင်ပင်ဖြစ်သည်…။

စီးကရက် တလိပ်အကုန်တွင်တော့ အရပ်ခပ်မြင့်မြင့် ကောင်မလေးတစ်ယောက် သူတို့ဝိုင်းကိုလာနေပြီဖြစ်ကြောင်း  နေဇော်ဟိန်းက မျက်ရိပ်ပြသည်..။ သူတစ်ချက်မျှသာ လှည့်ကြည့်ပြီး ဘာသိဘာသာနေလိုက်သော်လည်း သွက်သွက်လက်လက်ရှိသော ထိုကောင်မလေးနှင့် ခဏတွင်းပင် ရင်းရင်းနှီးနှီး စကားတွေ ပြောဖြစ်သွားသည်..။ထူးခြားသည်က စကားဝိုင်းထဲမှနေဇော်ဟိန်းက မသိမသာ အပြင်ရောက်သွားပြီး သူနဲ့ ကောင်မလေး သာ စကားတွေ အများကြီးပြောဖြစ်နေသည်..။

အပြန်လမ်းတွင်တော့ နေဇော်ဟိန်းက ကောင်မလေးစိတ်ဝင်စားနေတာ မင်းကိုကွ ဟုသာ ပြောပြီး ဆက်လက်လှုပ်ရှားဖို့ တိုက်တွန်းသည်..။ လက်ရှိအခြေအနေအရဆိုလျှင် သူ့မှာ လက်ဆုပ်လက်ကိုင်ပြ စရာ ရည်းစားဆိုလို့ မရှိ..။ယခုအတိုင်းဆိုလျှင် သူက ချော်လဲရော်ထိုင်ရုံသာဖြစ်သည်..။ကောင်မလေးပေးလိုက်သော ဖုန်းနံပါတ်ကို သူတစ်ချက် ထုတ်ကြည့်လိုက်ပြီး ညကျလျှင် ဆက်ကြည့်ဦးမည်..ဟု စဉ်းစားမိသည်..။

မတိမ်းခင်က ညွှတ်ချင်နေသော ကောင်မလေး၏ နာမည်က သူဇာဖြိုးဖြစ်သည်..။ ရန်ကုန်မြို့လယ်ခေါင်က တိုက်ခန်းမှာ သားအမိနှစ်ယောက် အတူနေသည်..။ သူမ အဖေဆုံးသွားသော်လည်း ဦးစီးမှူး ရာထူး အဆင့်ရှိသော သူမ အမေကြောင့် မတောင့်မတနေရသော အခြေအနေမျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်…။ ဟန်းဖုန်းတလုံး…သူငယ်ချင်းတွေ တရုံးရုံးနဲ့ မြို့ထဲမြို့ပြင် အချိန်ရှိသ၍ လည်ပတ် သွားလာနေသူ…ခပ် လန်းလန်း ကောင်မလေးတစ်ယောက်ဖြစ်သည်..။

အချိန် တစ်ပတ်ပင် မပေးရပဲ သူဇာဖြိုးနဲ့ သူ သမီးရည်းစားဖြစ်သွားခြင်းမှာ အံသြစရာတော့မရှိလှ…။ရည်းစားတစ်ယောက် ရဖို့ နှစ်လရာသီ ကူးအောင် စောင့်ဆိုင်းရသည်..မှာ ယခုတော့ ဒဏ္ဍာရီအဖြစ်သာ ကြာခဲ့လှပြီ…။ကျောင်းပြီးခါစ အသက်နှစ်ဆယ်ပင် မပြည့်တတ်သော သူဇာဖြိုးက သူဆီက များများမတောင်းဆို..။သူမကို အချိန်ပေးရန် ဂရုစိုက်ရန်လောက်သာ တောင်းဆိုသည်..။

ထိုသို့ အချိန်ပေးရန်တောင်းဆိုခြင်းကပင် သူ့အတွက်တော့ ဧရာမဒုက္ခပင်ဖြစ်သည်..။အချိန်ပြည့်နီးပါး လက်ချင်းချိတ်ပြီး တနေရာပြီး တနေရာသွားလောက်အောင် သူအခြေအနေက ပြည့်ပြည့်စုံစုံမဟုတ်ချေ..။ဝန်ထမ်းဖြစ်သော သူ့မှာ တပတ်လျှင် တရက်မျှသာ သူမနဲ့အတူ လည်ပတ်သွားလာနိုင်သည်..ကို သူမက ကျေနပ်ဟန်မရှိ…။ ပြဿနာလုပ် ရန်လုပ်တတ်လေ့ရှိသည်..ကို သူမချစ်လို့ပြောရှာတာပါဟု သာ ဖြည့်တွေးခဲ့မြဲဖြစ်သည်..။

ယုတ်စွအဆုံး သူမဘုရားဖူး သွားမည်ဆိုလျှင်တောင်မဆီမဆိုင် ခွင့်တောင်းသည်..။ မည်သည့်အခါကမျှ တားဆီးပိတ်ပင်ခြင်း မရှိမှန်းကို သိပါလျှက်နဲ့ပင် ဟိုကိစ္စ..ခွင့်တောင်း ဒီကိစ္စ အသိပေးနဲ့…။သူမသူငယ်ချင်း အပေါင်းကလည်း သူ့ကို သူဇာဖြိုး မည့်သို့ အလေးထားသည်..။မည်မျှချစ်သည်..။ မည်မျှ အားကိုးသည်..စသဖြင့်….စသဖြင့်…။ သူမ၏ဘာမျှမဟုတ်သော ပြဿနာပေါင်း သောင်းခြောက်ထောင်တို့ကို စီကာပတ်ကုံး ဖုန်းမှ တဆင့် အိပ်ရေးပျက်ခံ နားထောင်ပေးရသည်မှာလည်း အကြိမ်ပေါင်းများစွာ…။အလုပ်ခွင်ကို မကြာခဏ လာလည်လေ့ရှိသော သူမကြောင့် အလုပ်ရှင်ကပင် သူ့ကို မျက်စိစပါးမွှေးစူးလှပြီဖြစ်သည်..။ ကာလရွေ့လျား အချိန်ကြာလာခဲ့သော်…ချော်လဲရော်ထိုင်ခဲ့ရုံသာ ရှိသော အချစ်ပါးပါးက သူမ၏ အချစ်ပြင်းပြင်းဒဏ်ကြောင့် တဖြည်းဖြည်း လွင့်ပါးစပြုလာခဲ့သည်..။

ဟိုးယခင်က သူတွေးမိသော ကိုယ်ကချစ်ရတာပင်ပန်းတယ်..။သူချစ်ကသာ ပြီးပြည့်စုံတယ်ဆိုသော စကားသည်..ရာနှုန်းပြည့် မှန်ကန်ခြင်းမရှိဟုသာ သဘောပေါက်ရတော့သည်…။ ကိုယ်က ချစ်ရ မြတ်နိုးရသော ကိုယ်စိတ်ကြိုက် ရွေးချယ်မိသော သူမျိုးနဲ့တောင် အဆင်မပြေနိုင်လျှင်…၊ ကိုယ်မရည်ရွယ်ထားသော ကိုယ့်ကို နှစ်သက်မြတ်နိုးသူ တစ်ယောက်နဲ့ အဆင်ပြေနိုင်ဖို့ အကြောင်းများစွာလိုသည်..။

ယခုတော့ ကိုယ့်စိတ်ကြိုက် ရင်ခုန်သူမျိုးကို ကြိုးစားအားထုတ်ချဉ်းကပ်ဖို့ ပျင်းရိလေးကန်နေခဲ့သော မိမိကိုယ်၌ကိုသာ ပြစ်တင်ရပေတော့မည်..။အခြေအနေပေါ်ကိုသာ မူတည်၍ ရေလိုက်ငါးလိုက်နေတတ်သော …ဒီအကျင့်ကြောင့် ကိုယ်တိုင်လည်း ပင်ပန်း၊ ကိုယ့်ကို ချစ်သော သူတစ်ပါးကိုလည်း ညှင်းဆဲရာရောက်နေပေလိမ့်မည်…။ဒီစခန်းကို ဒီတင်မြန်မြန်ရပ်လိုက်တာ ကောင်းပါရဲ့  ဟု တွေးမိသည်မှာ ကြာပြီဖြစ်သည်..။

သူမမျက်နှာကို မြင်လိုက်ကတည်း က စိတ်ကောက်နေပြီ ဆိုတာ သူဒက်ကနဲသိသည်…။ ဤရက်ပိုင်းထဲ သူမဆီကို ဖုန်းဆက်ဖို့ မကြိုးစားခြင်းကို ရည်ရွယ်မှန်း သိပါလျှက် ဘာဖြစ်နေတာလဲဟု မေးဖြစ်အောင် မေးလိုက်မိသေးသည်..။ လိုသည်ထက် နှုတ်ခမ်းကို ပိုစူထားသော သူမရုပ်ကိုကြည့်ရသည်မှာ ထမင်းစားပင် ပျက်ချင်ချင်ဖြစ်လာသည်…။ ကိုယ်အချိန်မရှိလို့ပါကွာ ဟူသော ပြောစကားကို အချိန်မရှိလျှင် ရည်းစားမထားနဲ့ပေါ့ဟု သူမက ချက်ချင်းပက်ကနဲ ပြန်ပြောလာသည်..။ စိတ်ပျက်ခြင်းသည် စိုးရိမ်မှတ်ကို ကျော်ပြီး ပါးစပ်မှ တဆင့် အသွင်ပြောင်းထွက်သွားသည်..။

“အေး…ငါအခု ရည်းစားမထားတော့ဘူး” ဟု ပြောမိခဲ့ခြင်းကို သူနောင်တမရမိ…။ မော့ကြည့်လာသော သူမမျက်ဝန်းမှာ တခုခုကို တောင်းပန်နေမှန်း ရိပ်မိပါလျှက် ၊ကိုယ်ချင်းစာတတ် ပါလျှက် နှင့်ပင် သူဘာစကားမှ ဆက်မပြောဖြစ်တော့…။ လက်ကျန်ခံစားချက်တို့ နောက်ဆုံးစကားနဲ့အတူ ပါသွားပြီးဖြစ်သည်..။ခွင့်လွှတ်ပါဟုသာ စိတ်အတွင်းက ရေရွတ်မိသည်..။

ဝဋ်ဆိုတာ ဒီအတိုင်းမနေပါဘူး ဟု အမေပြောဖူးသည်ကို သတိရမိသည်…။အခုကော် ၀ဋ်ကြွေးဆပ်နေတာလား ၀ဋ်သစ်တည်နေတာလားဟုပင်…

သူချစ်…သူချစ်…သူတစ်ပါးကချစ်တော့ သူတစ်ပါးလုပ်သမျှကို ကိုယ်ကလိုက်၍ လည်စင်းခံနေရလျှင်လည်းမဖြစ်သေး…။
ကိုယ်ချစ်….ကိုယ်ချစ်….ကိုယ်ကချစ်တော့လည်း သူတစ်ပါးလုပ်သမျှကို ကိုယ်ကလိုက်၍
လည်စင်းခံနေရလျှင်လည်း မဖြစ်သေး….။

Billy(20.12.2011) PM 8:29

စကားလုံးများ၏ ပိုင်ရှင်


ညတုန်းက ဘော်ဒါတွေနဲ့ တညလုံး နီးပါး ပျော်ပါးသောက်စားလိုက်သောကြောင့် မိုးလင်းလုမှ သာ အိမ်သို့ပြန်ရောက်သည်..။အမ၏ မျက်စောင်းကို ပြုံးစစလုပ်ပြပြီးနောက်…ကျွန်တော်ခပ်သွက်သွက်လေး ရေချိုးလိုက်သည်..။

ထို့နောက် အ၀တ်အစားလဲ အမပြင်ပေးထားသော  ထမင်းကြော်ကို စားပြီးနောက် မနက်စောစောလမ်းလျှောက်ထွက်လေ့ရှိသော အမေပြန်မလာခင် ဘတ်အိတ် ကိုလွယ်၍ခပ်မြန်မြန် ထွက်ခဲ့သည်..။ညက ဘာကြောင့် ပြန်လာမအိပ်သလဲ ဟု မေးလျှင် ကျွန်တော်မှာ ဖြေစရာ စကားမရှိသောကြောင့် ဖြစ်သည်..။

ကားမှတ်တိုင် ရောက်သော်လည်း…ခေါင်းက ညဉ်းစိစိ ဖြစ်နေတုန်းပင်..။ခပ်ဝါးဝါးဖြစ်နေသော မျက်လုံးကို ပွတ်သပ်လိုက်ရင်းမှ အသင့်ဆိုက်လာသော ဘတ်စ်ကားပေါ်သို့ တက်လိုက်သည်…။ ဒါရိုက်ဘာ နောက်ဘက်လူ အနည်းငယ်ချောင်သော သံဃာတော်များ ထိုင်ခုံဘေးနား ကပ်ရပ်လိုက်သည်..။

ရုံးချိန်မို့ မြို့တွင်းသို့ ရောက်လာလေ အတက်များပြီး အဆင်းနည်းလာသောကြောင့် ကားက အဆမတန်ကျပ်လာသည်။ကံကောင်းထောက်မစွာဖြင့် သံဃာတော် တစ်ပါးဆင်းသွား သဖြင့် ထိုင်ခုံနေရာ ရလိုက်သည်..။ အကြည့်ကို အပြင်သို့ ပို့ထားရင် အာရုံလွှဲလိုက်ရင်း ပျင်းရိစရာကောင်းလှသော သင်တန်းအကြောင်းကို တွေးမိသည်…။

ကျီ……ခနဲ ဘရိတ်အုပ်သံနှင့် အတူ…

ဒေါင်… (နောက်ထပ် အသံတစ်သံ ဖြစ်သည်)

ဒါရိုက်ဘာနောက် မှ ကာထားသော အကန့်နောက်နှင့် မလွတ်၍ အပေါ်သို့ အနည်းငယ်ထောင်ထားသော ဒူးနှစ်လုံးကြားသို့ အရာတခု အပေါ်မှပြုတ်ကျလာသည်..။ရုတ်ရက်မို့လန့်သွားသော်လည်း….ခပ်လေးလေးအရာတခုဖြစ်သည်ဟူသောအသိနဲ့ အနည်းငယ် စိုစိစိဖြစ်သွားသည်ကိုတော့ သတိပြုမိသည်..။

သေချာကြည့်လိုက်တော့မှ ပုဆိုးကြားမှ စတီးနှစ်ဆင့်ချိုင့် ခပ်သေးသေးလေး တလုံးက ပုံပျက် ပန်းပျက် ယီးလှေးခိုနေသည်…။ တရားခံဘယ်သူလဲ ဆိုသော အကြည့်နဲ့ ပတ်ဝန်းကျင်ကို သူဝေ့ကြည့်လိုက်သည်…။ ဘေးနားမှာ မျက်နှာ ငယ်လေးရပ်နေသော ကောင်မလေးတစ်ယောက်၏ မျက်နှာဖြူဖြူလေးမှာ အားနာရိပ်တွေ စွန်းထင်နေသည်..။ကျွန်တော့်မျက်ဝန်းက ဒေါသရိပ်တွေ ကို တွေ့သွားသည် ထင်…

အသံသေးသေးလေးတခု…

အားနာလိုက်တာရှင်…ထိုမျှသာ..။

ဘေးမှ ဦးဇင်းက ပြုံးသည်..။

ကျွန်တော်ကလည်း ကျွန်တော်ပင်...ပတ်ဝန်းကျင်တခုလုံးကို မေ့လျှော့၍ ကိုယ့်ဘေးနား မည်သူမည်ဝါရောက်နေသည်..ဘာအကူအညီလိုနေသည်ကိုပင် အကဲခတ်ရမှန်းနားမလည်..လူမှုရေးခေါင်းပါးလေစွ..။ဒါပေမယ့် လတ်တလော..နှစ်ဦးသား ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေချိန်တွင်..အနားမှ အမျိုးသမီးကြီးတစ်ဦးက …အလိုက်သိစွာ…ဆွဲခြင်းထောင်ထဲမှ ကျွတ်ကျွတ်အိတ်တအိတ်ထုတ်ပေးသည်..။

ဘေးနားမှ လူတချို့ အနည်းငယ် နောက်ဆုတ်သွားသည်..။ အလိုက်မသိသော ကောင်မလေးကို ကျွတ်ကျွတ်အိတ်ကို ထိုးပေးလိုက်ရင်းမှ ပုဆိုးကြားမှ ကစဉ့်ကလျားဖြစ်နေသော ချိုင့်ကို အသာထိန်းကာ ထုတ်လိုက်သည်..။ ငေးကြည့်နေသော ကောင်မလေးကို ကျွတ်ကျွတ်အိတ်ကို ဖြဲထားလိုက်ဟု ခပ်ငေါင့်ငေါင့်ပြောရင်း မှ ဆောင့်ဆောင့်အောင့်အောင့် ဖြင့် အိတ်အတွင်းသို့ ပစ်ထည့်လိုက်သည်..။

ထို့နောက် ရှေ့မှတ်တိုင်ပါတယ်ဟု ပြောရင်း ပုဆိုးကိုလုံးနိုင်သမျှ လုံး၍ ထိုင်ခုံမှထကာ လူအုပ်အတွင်းသို့တိုးရန်ပြင်လိုက်သည်..။
ကျွန်မ ဘာလုပ်ပေးရမလဲ…ဟုသော အမေးစကားကို ရတယ် ကိစ္စမရှိဘူး ပြောပြီး ကားပေါ်မှ ကျွန်တော်ဆင်းလိုက်သည်.။ ပလက်ဖောင်းနောက်မြောင်းဆီသို့ ခပ်သုတ်သုတ်လျှောက်ရင်း..ပုဆိုးကိုခါချလိုက်သည်။ ထမင်းတွေနဲ့ အတူ ဟင်းဖတ်အချို့ နောက်...အရည်တချို့စင်ထွက်လာသည်..။ပုဆိုးကို မ၍ ခြေသလုံးသားပေါ်က ဟင်းရည်တချို့ကို လက်ဖြင့်သပ်ချလိုက်သည်..။

လက်မှ ဟင်းရည်တချို့ကို ပုဆိုးအောက်ခြေဖြင့်သုတ်လိုက်ရင်း… နောက်ကို ဆတ်ကနဲ အလှည့်…
မလှမ်းမကမ်းမှာ အဲ့ဒီကောင်မလေး…ဘယ်လိုပြောမလဲ..ကောင်မလေး…က နားရွက်နောက်နားဆီကို လက်ကလေး ကုတ်ရင်း… ရပ်နေသည်။ဒီကောင်မလေး ကြောင်တောင်တောင်နဲ့ ဘာကြောင့် လိုက်ဆင်းလာပါလိမ့် ..။ကိုယ်ကလဲ လောလော ..လောလောနဲ့မို့ နောက်ပင် လှည့်မကြည့်အား..။

ကောင်မလေးဆီသို့ လျှောက်သွားပြီး...မှငုံကြည့်ရင်း..ကျွန်တော်ပြောလိုက်သည်..။

ငါဘာမှ မဖြစ်ဘူး…။မင်းသွားစရာရှိတာကိုသာသွား…။

ဟုတ်..ဟုတ်..

ဟု ပြောပြီး.. ချာကနဲလှည့်ထွက်ကာ တက္ကစီတစီး ဌားစီသွားသည်ကို အကြောင်းမဲ့ ရပ်ကြည့်နေမိသည်..။

သူနားထဲတွင် ဆက်တိုက်ဆက်တိုက်…ကြားနေရသော အသံက ..

ဟုတ်..ဟုတ်

ဆိုသော ထိုစကားပင်ဖြစ်သည်..။
ထိုစကားလုံးကို တချိန်တုန်းက လူတစ်ယောက်ဆီမှ ကျွန်တော် အပိုင်စားရခဲ့ဘူးသောကြောင့် ဖြစ်သည်..။ထိုစကားလုံးလေး လက်ဆောင်ပေးခဲ့သော သူမကို ကျွန်တော်ကျေးဇူးတင်မိသည်..။
ပျော်စရာတွေအများကြီးယူလာပေးခဲ့ပြီးနောက်...သူမသည်..၀မ်းနည်းမှုတွေကို ဆောင်ကျဉ်း၍ ထွက်ခွာသွားဖို့ ကြိုးစားမြဲဖြစ်သည်..။

အကြိမ်ပေါင်းများစွာ အနိုင်ယူခဲ့ဘူးသော်လည်း... လက်တွေ့တွင် ကျွန်တော်မနိုင်ခဲ့ကြောင်း မိမိဘာသာသိသည်..။ မနိုင်တာမှ ကျွန်တော်သည်..သူမပါးစပ်ဖျားတွင် အချိန်မရွေး ရှုံးနိမ့်သွားနိုင်သူဖြစ်သည်...။ မြည်တွန်းတောက်တီး ပြန်လှန်ပြီး စကားနာမထိုးနိုင်လောက်အောင် ကျွန်တော်အရုပ်ကြိုးပြတ်ဖြစ်နေသည့်အခါမျိုးကို သူမ ကိုမသိစေချင်ပါ..။

မနိုင်ချင်သလို ..မရှုံးလဲမရှုံးချင်ပါ..။ မလဲကျချင်၍ဖြစ်သည်..။

billy(27.11.2011) 6:42PM

ပညာကျော်


လွန်စွာ အားယား
 အွန်လိုင်းသွား၍
သံညောင် ဟစ်ကြွေး
ဖိုသံပေးသည်...
မဒီကညာ
တီတာ ပြောဖို့
gtalk လေးတော့ ဖွင့်ဦးကွယ်..

ရူပါ လန်ထွက်
အကြံထက်နှင့်
Facbook ကိုသုံး
အပျိုတွေလုံးသည်..
like လည်းကလစ် လိုက်
comment ရိုက်မည်..
ကွန်နက်ရှင်းလေး ကောင်းဦးကွယ်..

ဟိုသတင်းဖတ်
ဒီအတင်းမှတ်၍
ရပ်ကွက် တွင်းနား
လူစုံများလျှင် ...
အိတ်သွန်ဖာမှောက်
ပြောပြဦးမည်...
ကလေးတို့ရေ ..လာကြကွယ်..


မျက်လုံးကြောင်တောင်
ငါ့သားလူမောင်
သိလှတတ်လှ
အမေသဘောကျသည်..
ရေခပ်ထင်းခွဲ အချိန်မဆွဲနဲ့
သားမောင်လူလေး...
ဒေါင်ဆိုင်ပြေးလို့ ..
နားနားနေနေ နေဦးကွယ်...


billy (7.12.2011) 12:00PM

အချစ်နဲ့ အရွယ်၏ အသက်


သူမ၏ ခနဲ့တဲ့တဲ့ အပြုံးက သူ့ နှလုံးသားကို ဆုပ်ခြေနေသလို ခံစားရသည်..။ တဖြူးဖြူးတိုက်ခတ်လာသော လေအဝှေ့နဲ့ အတူ သူမရှေ့မှ လွင့်ပါးသွားချင်သည်.။ ပြောမိလိုက်တာ မှားများမှားသွားပြီလားဟု နောင်တအတွေးက ၀င်လာသဖြင့် ရင့်ဘတ်ထဲက စူးကနဲ အောင့်တက်လာပြီး အသက်ရှူ မ၀သကဲ့သို့ ဖြစ်လာသည်..။

အခြေအနေမပေး အချိန်မတန်သေးမှန်းသိပါလျှက်..၊ဖွင့်ပြောမိခဲ့သော ကိုယ့်ကိုယ်ကိုယ် သာ အပြစ်တင်မိသည်..။ ဒီလိုစကား ပြောဖို့အတွက်...ဒီလိုအရည်အချင်းတွေ ရှိဖို့ လိုမှန်း သူယခုမှ သဘောပေါက်လာခြင်းဖြစ်သည်..။ နားထဲတွင် သူငယ်ချင်း ပြောသော စကားတွေက ဗလုံးဗထွေးဝင်လာပြန်သည်..။

"မဖြစ်နိုင်ပါဘူးကွာ...မင်းနဲ့သူက အဝေးကြီး...စိတ်ကူးယဉ်တာက ကောင်းပါတယ်....။ဒါပေမယ့်...တကယ့်လက်တွေ့အကြောင်းတရားတွေကို မင်း လျစ်လျူရှူ့လို့မရဘူးကွ..။ မဖြစ်နိုင်တာမရှိဘူး..ဆိုပေမယ့်...အခြေအနေ...အချိန်အခါ..တွေက စကားပြောတယ်...ဖြစ်ချိန်တန်ဖို့အတွက် ဖြစ်နိုင်တဲ့ အခြေအနေတခု..ဖြစ်နိုင်တဲ့ အရည်အချင်းတခုလိုတယ်ကွ...။ ဒါကို မင်းမေ့လို့မရဘူး..။ ငါယောက်ျားပဲဆိုပြီး မာန်တင်းလို့မရတာတွေရှိတယ်..။ ငါပြောချင်တာက ဒါပဲ..။ မင်းတို့ငါတို့ က စိတ်ကူးယဉ်ရမယ့် အရွယ်တွေ မဟုတ်သလို့...စိတ်ကူးယဉ်ရမည့် အခြေအနေတွေထဲကလည်းမဟုတ်ဘူး...။ ပါးစပ်လှုပ်မှ ..လက်လှုပ်ရမယ့်လူတွေ...။"

ရှည်းလျားစွာပြောသွားသော သူငယ်ချင်း၏ စကားနောက်နားမှာ သူ သက်ပြင်းသံ ခပ်ရှည်ရှည် ချခဲ့ရသေးသည်..။

"ဟိတ်...မေးနေတယ်လေ..။"

"ဗျာ..."

"မင်းက ...ဘာကြောင့်ချစ်တာလဲ.."

ထိုအမေးစကားကို သူ့တွင် ပြန်ဖြေစရာ တိတိကျကျမရှိ..။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ အတွက် အကြောင်းပြချက်ကောင်းကောင်းရှိရလိမ့်မည်..ဆိုတာကို သူမသိခဲ့ရိုးအမှန်ပင်ဖြစ်သည်..။ အချစ်နဲ့ အကြောင်းပြချက် မည်သို့ မည်ပုံ ဆက်နွယ်သည် ဆိုသည့်အကြောင်းကို တတ်သိနားလည်သူတို့ ထံတွင် သူ ဂဃနဏ မေးခဲ့ဖို့ကောင်းသည်..။ ယခုတော့..

"မသိဘူးဗျာ.."

သူပြောပုံက ဂျွတ်ဆတ်ဆတ်နိုင်သွားမှန်းသိသည်..။

"ဟောတော့... ဘာကြောင့်ချစ်မှန်းတောင် မသိပဲ..နဲ့များ ချစ်တယ်လာပြောနေသေးတယ်..."

လှောင်သံ စွက်နေသော သူမ၏ အသံက သူ့ကို သေးသေးလေးဖြစ်အောင် ဆွဲချုံလိုက်သကဲ့သို့ပင်..။ နောက်တချိန် သူမရှေ့မှ သူကွယ်ပျောက်သွားသကဲ့သို့ ခံစားရပြန်သည်..။

" ငါသိရသလောက်တော့ ..မင်းမှာ ရည်းစားတွေ အများကြီးပါကွာ...မင်း တခြားကောင်မလေးတွေကို ချစ်ကြောင်းကြိုက်ကြောင်း...ဘယ်လိုပြောခဲ့သလဲ...ဥပမာကွာ...ချောလို့ချစ်တာတို့...အေးအေးလေးမို့လို့ ... အဲ့လိုမျိုးပေါ့ကွာ...မင်းပြောဖူးမှာပါ.....ဘယ်မိန်းကလေးပဲဖြစ်ဖြစ်..ကိုယ့်ကို ဘာကြောင့်ချစ်တယ်ဆိုတာ တော့ သိချင်ရှာမှာပေါ့...ဒို့လည်း မိန်းကလေးထဲက မိန်းကလေးတစ်ယောက်ပဲ...သိချင်တာပေါ့..."

မျက်ခုံးကို အနည်းငယ်ပင့်ပြီး စကားအဆုံးသတ်သွားသော သူမ၏ ဟန်ပန်မှာ တရားပြိုင် ရှေ့နေ ပုံစံနဲ့တောင် တူနေသေးသည်..။
စကားအမှား ထွက်သွားသည်နှင့် သေမိန့် တန်းကျသွားနိုင်သကဲ့သို့ သူ ဇောချွေးတွေ စိမ့်ထွက်လာသည်..။

" ကျွန်တော် တကယ်မသိဘူး...။ပြီးတော့ ဘယ်မိန်းမကိုမှလည်း ဘာကြောင့်ချစ်တာပါဆိုပြီး မပြောဖူးဘူး.."

သူ့မှာ ပြောစကား ဒါပဲရှိသည်..။နောက်ထပ် ထပ်မေးလျှင်လည်း ဒီအတိုင်းပဲ ထွက်လာပေလိမ့်မည်...။ ဟိုအရင်တုန်းက သူရည်းစားများစွာ ထားဖူးသည်...။ လွမ်းလောက်စရာ တစ်ယောက်မှ မပါသဖြင့် အချိန်တန်လျှင် တနည်းမဟုတ်..တနည်းဖြင့် ကွဲသွားကျသည်သာ...။ ရည်းစားကို ရည်းစားလောက်သာ သဘောထားခဲ့ခြင်းသည်..ချစ်သူ မဟုတ်သောကြောင့်ဖြစ်သည် ဟူသော အကြောင်းကို တော့ သူမကိုရှင်းပြချင်သည်...။သို့သော် သူရှင်းပြချင်သည့် စကားတွေက ရင်ထဲမှာသာ ...အပြင်သို့ ထွက်ကျလာဖို့တော့ မစွမ်းနိုင်..ရှာ..။

"အဟက်..ဟက်... ။မင်းက အဆန်းပါလား...ဒို့ကြုံဖူးသမျှထဲမှာတော့ မင်းပြောပုံပြောနည်းက အသစ်ဆုံးပဲ...ထားပါတော့..."

စကားကို ရပ်ထားလိုက်ရင်း..အဝေးမျှော်ကြည့်ဟန်ပြုပြီး...သက်ပြင်းချသံ သဲ့သဲ့ကို သူအတိုင်းသား ကြားလိုက်ရသည်..။ သူမရယ်လိုက်လျှင်ထွက်လာသော အသံလွင်လွင်လေးကို သူများစွာ နှစ်ခြိုက်သည်..။

"မဖြစ်နိုင်ပါဘူးကွာ..မင်းက သိပ်ငယ်သေးတယ်..ပြီးတော့ ဒို့က ငယ်တဲ့သူကို ...စိတ်မ၀င်စားဘူး..."

သူမစကား အဆုံးသတ်သွားသည်...။
သေမိန့်တော့မဟုတ်ပါ..။ သို့သော် ရပ်တည်ထောက်မထားသော ခြေထောက်တွေမှာ အားအင်တို့ပျောက်ဆုံးနေသည်..။ ဆက်ပြောစရာ စကားတို့ ချို့တဲ့သွားရှာသော ပါးစပ်နဲ့ နှလုံးသား ဆက်စပ်နေသည့်အကြောင်းကို ယခုမှ သူသဘောပေါက်သည်..။

ထိုနေ့က သူမှာ ပြန်ပြောစရာ စကားမရှိခဲ့...။ အသက်အရွယ်နဲ့ အချစ်..မည်သို့ မည်ပုံဆက်စပ်ကြောင်းကို သူလေ့လာရဦးမည်..။

ဒီနေ့ထိ သူနှုတ်ဆိတ်နေတုန်းဖြစ်သည်..။


billy (28.11.2011) 8:14 PM

သိခွင့်မရှိခဲ့


စာဖွဲ့ရေးတတ်သော်လည်း..သူမ၏ အလှကို စာဖွဲ့နိုင်ဖို့ မစွမ်းဆောင်နိုင်ခဲ့...

ပန်းချီဆွဲတတ်သော်ငြားလည်း..သူမ၏ ပုံတူကို မရေးဆွဲနိုင်ခဲ့...

သူမပြောသောလူမှုရေးကွန်ယက် တို့၏ အတိမ်နက်ကို  နားလည်ခွင့်မရခဲ့ ....

လိုင်းကားစီးလျှင် မျက်နှာညိုတတ်သော သူမကြောင့် ရသမျှလခ အလျှင်မှီအောင် သုံးစွဲခွင့်မရခဲ့....

အကောင်းဆုံးဆိုတာ သူမပါးစပ်ထဲတွင် သုံးလေးမျိုး ရှိနိုင်ကြောင်း သိခွင့်မရခဲ့....

အလွန်ယုံကြည်ခဲ့ရသော သူမ၏ အစစ်အမှန်တို့ အကြောင်းကို သိခွင့်မရခဲ့...

ဘ၀ရည်မှန်းချက်တို့ သည် သူမ၏ နှုတ်ခမ်းဖျားထက်တွင် အဖတ်ဆည်ခွင့်မရခဲ့...

အချစ်စစ်ဖြစ်ဖို့ လွမ်းတတ်ဆွေးတတ်ရမယ်ဆိုတာ သိခွင့်မရခဲ့..

အတိတ်ကို သိမ်းဆည်းထားတတ်သူတွင် အချစ်သစ်ရှာဖွေခွင့်မရှိကြောင်း သိခွင့်မရခဲ့..

မငိုတတ်လျှင် အသည်းနှလုံးမရှိသူအဖြစ် သတ်မှတ်တတ်ကြောင်း သိခွင့်မရခဲ့..

ခံစားချက်မပါပဲလုပ်နေသမျှ အချည်းအနှီးဖြစ်တတ်ကြောင်း သိခွင့်မရခဲ့....

လိမ်လည်တတ်လျှင် ... အဆင်ပြေချောမွေ့တတ်သော လူမူရေးတို့အကြောင်း သိခွင့်မရခဲ့...

နောက်ကျောကို ဓါးနဲ့ထိုးတတ်သူတို့တွင် နှုတ်ခမ်းပါးလှလှရှိတတ်ကြောင်း သိခွင့်မရခဲ့...

သစ္စာဖောက်ပျက် စကားတတ်သောသူတို့တွင် ချို(ဦးချို) မပါကြောင်း သိခွင့်မရခဲ့..

လှည့်ဖျား ကောက်ကျစ်သူတို့ ကိုယ့်ဂုဏ်ကိုယ်မဖော်တတ်ကြောင်း သိခွင့်မရခဲ့...

သူမတို့ကို အဘယ်ကြောင့်ချစ်ခဲ့သည်ကိုလည်း ကိုယ့်ကိုယ်ကို နားမလည်ခဲ့...

သူမတို့ အကြောင်း လေ့လာတိုင်း သူမတို့ သူမတို့ ကို နားမလည်ခဲ့....

နားမလည်ခဲ့..

နားမလည်ခဲ့

billy(5.12.2011) 7:30Pm

ချစ်သက်သေ

ဆောင်းတွင်းသာ ဆိုသော်လည်း အအေးဓါတ်ကို သူထိထိမိမိမခံစားရ..။မနက်စောစော ရုံးတက်ချိန်တွင်ကားစီးရသည်မှာ သက်တော့မသက်သာလှ..။ ချွေးအလွန်ထွက်တတ်သော သူအဖို့ တော့ ဆိုးရွားလွန်းလှသည်..။ ယခင်ကဆိုလျှင်တော့ ဒီလို ရုံးဆင်းရုံးတက်ချိန်မျိုးကို သူဘယ်တော့မှ လိုင်းကားစီးဖြစ်လိမ့်မည် မဟုတ်ချေ..။

သုံးလမ်း ..သုံးလမ်း…

သူစီးလာသော ဘတ်စ်ကားက ဗဟန်းသုံးလမ်းမှတ်တိုင်ရှေ့တွင် တုံခနဲ့ ရပ်သွားပြီ …သူလည်း မိမိကိုယ်ကို နှစ်ရှည်လများ ထောင်ကျပြီး ယခုမှ ထောင်ဘူးဝကိုမြင်ရသော အကျဉ်းသား တစ်ယောက်လို ဘတ်စ်ကား တံခါးပေါက်ဝသို့ အလုအယက် ခပ်သုတ်သုတ် တိုးလိုက်သည်..။ ထို့နောက် ကတ္တရာလမ်းပေါ်သို့ ခြေနှစ်ချောင်းလုံးကို စုံပစ်ခုန်ချလိုက်ရင်း….လေကို တစ်ဝကြီးရှုလိုက်သေးသည်..။

ရှေ့ မလှမ်းမကမ်းတွင်..အတန်းဖော် ညီညီကို လှမ်းတွေ့လိုက်သည်..။

...ညီညီ..

ဝေး   ညီညီ….

သူ ၃ ၄ ခါခေါ်သည်တိုင်..ညီညီက လှည့်မကြည့် …ရှေ့သို့သာ တူရူ သွားနေသည်..။ပြေးလိုက်သွားရန် ကြံပြီးမှ ခေါင်းထဲ အတွေးတခု ၀င်လာသည်..။ဒီလို မနက်စောစော ကန်တော်ကြီး ပတ်လမ်း ကို လမ်းလျှောက်ရင်း “မ” အကြောင်းကို အခါခါတွေးဘူးသည်..။ “မ” အကြောင်းကို တွေးမိတိုင်းလည်း ရင်ထဲမှာ ကြည်နူးမိသည်…။ ညီညီနဲ့ အတူလမ်းလျှောက်ဖြစ်လျှင်တော့ “မ” အကြောင်းကို များများစားစားမတွေးနိုင်…။

နယ်မှ ရောက်လာသော ညီညီ…သိချင်သော ရန်ကုန်မြို့၏ အကြောင်းအရာများ ကို မမောတမ်းဖြေရလေ့ရှိနေသဖြင့် …ဦးနှောက်က မေးခွန်းတွေ အပေါ်တွင်သာ အာရုံစိုက်ထား ရသည်..။ အခုတော့ ညီညီ မကြားလိုက်ခြင်းကပင် ခပ်ကောင်းကောင်းဖြစ်သွားသည်..။ သူစိတ်လွတ်ကိုယ်လွတ် “မ” အကြောင်းကို ကောင်းကောင်းတွေးနိုင်တော့သည်…။သူတက်နေသော ဟိုတယ်သင်တန်းရှိရာ ကန်တော်ကြီး ဟိုတယ်ရှေ့သို့ သုံးလမ်း မှတ်တိုင်မှ ၁၅ မိနစ်ခန့် လျှောက်ရသည်..။ဒါကြောင့် သူတနေ့ကို အနည်းဆုံး “မ”အကြောင်းကို ၁၅ မိနစ်ခန့် နေ့တိုင်းတွေးဖြစ်သည်..။

တကယ်တော့ လူတစ်ယောက်အကြောင်းကို နေ့တိုင်း ၁၅ မိနစ်ခန့် အားရုံစိုက်တွေးတောဖို့ဆိုတာ လွယ်လှသည်..မထင်..။ အချို့ကတော့ ပြောပေလိမ့်မည်..နည်းလွန်းသည်..ဟု..။ "မ"သာ သိလျှင် ဟုတ်မှန်ကြောင်း ထောက်ခံ၍ ရယ်နေပေလိမ့်မည်...။
"မ"နဲ့ သူဆုံ တွေ့စဉ်က ... အလွန်စကားများလှသော "မ"ကို စိတ်ဝင်စားခဲ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ရိုးအမှန်ပင်ဖြစ်သည်..။ အများအားဖြင့် "မ"နဲ့ ကျွန်တော်သည်..ကိုယ်ထင်ရာကိုယ်ပြော ငြင်းခုန်နေကြသည် သာများ၏..။

နောက်ဆုံးတွင်တော့ "မ" ကသာ သူ့ကို အရှုံးပေးလက်လျှော့ သွားရစမြဲဖြစ်သည်..။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ဘ၀င်လေဟတ် ရင်ဘတ်ကော့မြဲပင်..။ လူတို့သဘော နိုင်စရှိလျှင် နိုင်ချင်မြဲ... အသာရချင်မြဲ ဖြစ်သည့် သဘာဝ အရ အငယ်ဖြစ်သော သူက အလျှော့မပေး စိတ်ကောက်လိုက်သေးသည်..။

ပျော်ရွှင်စရာ အချိန်များသည်... ပျော်နေရတုန်းလည်း ...ပျော်နေရသည်..ဟု မသိလိုက်ပဲ ကုန်ဆုံးလွယ်လွန်းလှသည်..။ ၀မ်းနည်းစရာ တွေကတော့ လက်ငင်း ဒိဌတွင် ခံစားဝမ်းနည်းရသလို နောင်အချိန်များစွာ ပြန်တွေးသတိရတိုင်းလဲ ကြေကွဲဖွယ်ကောင်းလှသည်..။ "မ" ကို နိုင်လိုမင်းထက် ပြုမှုပြောဆိုခဲ့တုန်းက  ၀မ်းနည်းပါစေ ဆိုသော ရည်ရွယ်ချက်မျိုး မပါစေကာမှု ...စရနောက်ရသည်ကို ပျော်ရွှင်မိသည်...ဆိုသော အချက်ကိုကား သူမငြင်းနိုင်...။

မည့်သို့ဆိုစေ အလွန်သဘောကောင်းသော "မ"သည်... တချိန်ချိန် သူ့ကို စွန့်ခွာမည်ဟူသည်ကိုသာ သူ တင်ကြို သိခဲ့လျှင် ဒီလောက်အထိ ရွှတ်နောက်နောက် ဆက်ဆံခဲ့လိမ့်မည်မဟုတ်ပေ..။ မည်သည့်ကိစ္စတွင် မဆို... တဖက်တည်း က လိုက်လျော အားထုတ်နေခြင်းသည်..ရေရှည်တွင်တော့ မကောင်းနိုင်...။ သိဥာဏ်ကိုစိုက် စဉ်းစားလိုက်သည့် အချိန်တွင်တော့ "မ" က ခပ်ဝေးဝေးမှာ ရှောင်ဖယ်ခွာကျင်တတ်နေပြီဖြစ်သည်..။

ခွဲခွာချိန်ရောက်ပြီးဟု သူမသိလိုက်ခင်... အချိန်အတော်ကြာက ပင် "မ" က အသင့်ပြင်ထားဟန်တူသည်...။အရာရာ နားလည် ရင့်ကျက်သော "မ" က သူ့ကို မှတ်သားစရာ စကားတချို့ ...ကို သူ့အတွက်ထုတ်နှုတ်ထားခဲ့သည်..။

"လက်ခုပ်သံထွက်ဖို့အတွက် လက်နှစ်ဘက်ရှိရမှာ ဖြစ်သလို..အသံကောင်းထွက်ဖို့ လက်နှစ်ဖက်လုံးက အချိန်ဆညီညီ တပြိုင်နက် လှုပ်ရှားရလိမ့်မည်..." လို့ ပြောခဲ့တုန်းက သူရယ်မိပြုံးမိသည်..။

ယခုတော့ ဆုံးမစကားတွေပြောတတ်တဲ့"မ" တစ်ယောက်...သူ့အနားမှာ မရှိတော့...။  အချိန်တန်လျှင် ခွဲခွာရမည်ကို သိခဲ့ပါလျှက်...ပျော်စရာမပေး ..သောကပေးခဲ့မိသော ကိုယ့်ကိုယ်ကိုယ် သာ ပြစ်တင်မိသည်..။ ရင်ထဲက အစစ်အမှန်တွေအကြောင်းကို ယခုချိန်ရောက်မှ.. မကြားနိုင်သော လူတစ်ယောက်ဆီသို့ အော်ဟစ်ပြီး မပြောချင်တော့...။ တကယ်တော့ ... သူ.."မ"ကို ချစ်မိနေသည်..ကို အချိန်တော်ကြာမှ သိခဲ့ခြင်းဖြစ်သည်..။

ဒီအကြောင်းကိုသာ သိလျှင် "မ" ကတော့ ပြုံးရုံမက ရယ်ပါ ရယ်နေပေလိမ့်မည်...။ နင့်အချစ်ကို ငါသိပါတယ်..။ရမလားလို့ လာပြောနေတာမှတ်လား ဟု "မ"က ပြန်ပြောခဲ့လျှင် သူရွံ့ရှာမုန်းတီးမိပေ့လိမ့်မည်..ကိုကိုယ်တိုင်နားလည်သည်..။အချစ်ကို ဦးထိပ်ထားတတ်သူ တစ်ယောက် မဟုတ်တောင်မှ ရှိစုမဲ့စု ဒီခံစားချက်ကလေးကို အလှောင်ပြောင် အစော်ကားမခံနိုင်..။အားနည်းချက်က သိပ်ချစ်တတ်တာပါဟု ... ပြောလျှင် မယုံမည့်သူကို အထပ်ထပ်ယုံအောင် မပြောချင်...။

ကိုယ်က အရင်စိတ်ဒုက္ခပေးခဲ့သူမို့ အလှည့်ရောက်လျှင် မနွဲ့စတမ်းပေါ့ဟု မာန်တင်းရသည်..။ကိုယ်နားမနေချင်...ခွဲခွာချင်သူကို ဆွဲမထားချင်...စိတ်မညစ်စေချင်...။ နောက်ဆုံး ချစ်သက်သေပြစရာဆိုလို့ "မ"သဘောကို လိုက်လျောလိုက်ခြင်း ပင် ဖြစ်သည်ကို "မ"တစ်ယောက်တော့ သိမှ သိပါလေစ..။

ကန်တော်ကြီးပတ်လမ်းမှာ "မ"နဲ့သူ အတူတူလမ်းမလျှောက်ဘူးပါ..။ သို့သော် စိတ်ကူးထဲမှာ အတူလျှောက်နေသည်..။တိုင်ဆိုင်ခြင်းအလျင်းမရှိ

တိုင်ဆိုင်လို့ တွေးမိရင် သတိရတာတဲ့ …။

အချိန်တိုင်းတွေးနေလျှင်တော့ လွမ်းတာတဲ့..။

သူ “မ”ကိုလွမ်းနေခဲ့သလား..ကိုယ်တိုင်ပင် ဝေခွဲခက်လှသည်..။


billy(27.11.2011) 5:12 PM

ပျင်းရိခြင်း သီအိုရီ


ငါလိုမဟုတ်တဲ့ လူတွေနဲ့
ဆက်ဆံရတဲ့ အခါတိုင်း
ပျင်းတယ်..။

ကြောက်တတ်တဲ့ လူတွေနဲ့
သရဲကားကြည့်တဲ့ အခါတိုင်း
ပျင်းတယ်..။

စကားပဲပြောတဲ့ လူတွေနဲ့
အလုပ်လုပ်ရတဲ့ အခါတိုင်း
ပျင်းတယ်..။

အမြဲပဲလွမ်းတဲ့ လူတွေနဲ့
ချစ်မိတဲ့ အခါတိုင်း
ပျင်းတယ်..။

အမြဲပဲ ချစ်တတ်တဲ့ လူကို
လွမ်းမိတဲ့ အခါတိုင်း
ငါ့ကိုယ်ငါ အပျင်းဆုံးပဲ..။

billy(27.11.2011) 2:35 Am