Monday, January 7, 2013

မြန်မာနဲ့ ကမ္ဘာနဲ့ ကျွန်တော်တို့နဲ့


၂၀၁၁ အတွက် အကယ်ဒမီ ပေးပွဲကြီးကတော့ ပရိတ်သတ်တွေ၏ ဘ၀မကျသံတွေနှင့် အတူ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်..။လူတန်းစားအလွှာအသီးသီးမှ ဝေဖန်သံတွေ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်..။

အထူးသဖြင့် အမျိုးသားဇာတ်ဆောင်ရှင်ဆုရှင်နှင့် ပတ်သတ်၍ အတော်လေးကိုပင် အဝေဖန်ခံရရှာသည်..။ ကျွန်တော်ကိုယ်တိုင်ပင် အကယ်ဒမီဆုရှင် မင်းသားကို မသိသဖြင့် ဝေဖန်သူတို့ကိုလည်း အပြစ်မဆိုရက်ပေ..။  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ အစီအစဉ်အလာအတိုင်း ပေါ်လစီကားဦးစားပေးမူဝါဒ ကတော့ ယခုအချိန်အထိ အမြစ်တွယ်နေဆဲပင်ဖြစ်သည်..။ နှစ်စဉ်လိုလိုပင် ဆုပေးမည့် အကြုံးဝင်သော ရုပ်ရှင်ကားအားလုံးတွင် ပေါ်လစီကား မပါမှ အခြားရုပ်ရှင်ကားတို့အတွက် အဓိကဆုများကို စီစစ်ရွေးချယ်ခြင်းဖြစ်သည်..။

လက်လှမ်းမှီသမျှ တင်ပြရလျှင် ၁၉၉၇ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတုန်းက အမေ့ခြေရာက ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့သော်လည်း တကယ်တမ်းအကောင်းဆုံးဆုရသွားသည်က ငွေကုန်ကြေးကျခံကာ ရိုက်ကူးခဲ့သော သူ့ကျွန်မခံပြီဖြစ်သည်..။ တင်ပြပုံအားနည်းသဖြင့် ဇာတ်လမ်းက ဆက်စပ်ဖို့ပင် မလွယ်သော ကားဖြစ်သည်..။ သို့သော် စစ်အစိုးရ၏ မူဝါဒကို ပြန်ကြားရေးက မလွန်ဆန်နိုင်ခဲ့ပေ..။

၁၉၉၉ ဆုပေးပွဲကတော့ တမျိုးဆန်းသည်..။ ၁၉၉၇ ခုနှစ် တုန်းက အမျိုးသားဇာတ်ဆောင်ဆုရခဲ့သော ဒွေး က စင်မြင့်ပေါ်တွင် အပြောမတတ်ခဲ့သဖြင့် အစိုးရ၏ မျက်စိစပါးမွှေးစူးခံရကာ အဖေ့နေရာ ဇာတ်ကားနှင့် ဆုထပ်မံရသင့်သော်လည်း မရခဲ့ပေ။ ဤသို့အဖြစ်အပျက်မျိုးကို လွန်ခဲ့သော တနှစ်ကျော် ၂၀၀၉ ဆုပေးပွဲတွင် နာမည်ကြီးမင်းသမီး တဦး ခံစားခံရပြီးဖြစ်သည်..။ အကြောင်းအရင်းကတော့ အစိုးရမျက်စိနောက်လောက်အောင် မင်္ဂလာ ဧည့်ခံပွဲ အကြိမ်များစွာ ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

မဆလခေတ်မှ စ၍ အစိုးရ၏ ထင်သလိုချယ်လှယ်ခြင်းကို ခံခဲ့ရသော မြန်မာ့ရုပ်ရှင် အကယ်ဒမီ စိစစ်ရွေးချယ်ရေးအဖွဲသည် ယခင် စစ်အစိုးမှသည် ယခု အရပ်သားအစိုးရအထိ အသားကျနေသော မျက်နှာလိုမျက်နှာရ လုပ်တတ်သော အကျင့်ဆိုး ၊အကျင့်ဟောင်းတို့ကို ဖျောက်ဖျက်ရန် မစွမ်းဆောင်နိုင်ရှာသေးပေ..။ တဘက်ကလဲ ဘာနားကန်းတလုံးမှ မသိရှာသော အစိုးရကို မလိမ့်တပတ်လုပ်နိုင်လောက်အောင်ကိုပင် မလွယ်လှသော အခြေအနေ။မြန်မာ့ရုပ်ရှင်ကလည်း  ပေါ်ပင်နောက်လိုက်ရင်း အကျဘက်ကို အရှိန်နှင့် ဆင်းနေသကဲ့သို့ပင်။

မတိုးတက်မှုအတွက် လက်ညှိုးထိုးစရာအကြောင်းအရာများကတော့ အရင်းအနှီးနည်းပါးခြင်း ၊စက်ကိရိယာ မစုံလင်ခြင်း/ ခေတ်နောက်ကျခြင်း ၊ ခေတ်မှီ စတူရီယို မရှိခြင်း ၊ ပြသရန် ရုပ်ရှင်ရုံများ နည်းပါးခြင်း ၊ အခမဲ့/အခပေးရုပ်သံလိုင်းများ တိုးတက် ပေါ်ပေါက်လာခြင်း ၊ နောက်တခုကတော့ နိုင်ငံခြားမှ တရားမ၀င်တင်သွင်းလားသော ခိုးကူခွေ/ဆင်ဆာမဲ့ ခွေများကြောင့်ဖြစ်သည်။ မှားသည်ဟု မဆိုလိုသော်လည်း အားလုံးကိုတော့ လက်ခံဖို့ ခက်ခဲလှသည်..။

လွန်ခဲ့သော ငါးနှစ်ခန့်ကမှတ်တမ်းများအရ အော်စကာ အကောင်းဆုံးဆုရ ဇာတ်ကားများသည် အကုန်အကျ နည်းပါးခဲ့သည်။ အကြိမ် ၈၀ မြောက် အော်စကာဆုပေးပွဲတွင် No Country For Old Man က အကောင်းဆုံးဆုရ ခဲ့သည်။ ကုန်ကျငွေဒေါ်လာ ၂၅ သန်း ကုန်ကျခဲ့ပြီး  box office စာရင်းအရ ၁၇၁ သန်းကျော် ရရှိခဲ့သည်။ ထိုအချိန်က ပေါက်ကားတကားဖြစ်သော Spider Man 3 က ၂၈၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့ပြီး သန်းပေါင်း ၈၉၀ ကျော် ရရှိခဲ့သည်။ ရာခိုင်းနှုန်းဖြင့် တွက်လျှင်ပင် အနည်းအကျဉ်းသာ အကုန်အကျခံနိုင်ခဲ့သော်လည်း အမြတ်ပိုများနေသည်ဟု မှတ်ချက်ချမိသည်။ ပရိတ်သတ်ကို ဖမ်းစားရန်က ငွေကြေးတခုတည်းမဟုတ်ကြောင်းထင်ရှားသည်။

အကြိမ် ၈၁ တုန်းကတော့ အိန္ဒိယ နိုင်ငံကို ဇာတ်အိမ်တည်ထားသော Slumdog Millionaire ဖြစ်သည်။ရိုက်ကူးစဉ်က ၁၅ သန်းသာ ကုန်ကျခဲ့သော်လည်း သန်း ၃၈၀ ခန့် ၀င်ငွေရှိခဲ့သည်။၈၂ ကြိမ်မြောက်ကျတော့ နာမည်ကြီး AVARTA ကိုကျော်ပြီး The Hurk Locker ကရသည်။ နောက်နှစ်ကျတော့ The King's Speech လိုဇာတ်အေး ကရပြန်သည်။ ၈၄ ကြိမ်မြောက်မှာတော့ ပိုထူးခြားသည်က အသံတိတ်ပုံစံရိုက်ကူးထားသော The Artist က အလွန်အကုန်အကျသက်သာစွာရိုက်ကူးထားသော်လည်း အကောင်းဆု ရခဲ့ပြန်သည်။

အချို့ဇာတ်ကားတွေ ငွေကုန်ကြေးကျ များစွာခံသော်လည်း ခွက်ခွက်လန်ခဲ့သော ကားများစွာရှိသေးသည်။ မြန်မာလူမျိုးတွေ သဘောကျနှစ်သက်သော Babe's Day Out ကားက ၄၈ သန်းအကုန်အကျခံရိုက်ကူးခဲ့သော်လည်း သောက်သောက်လဲ ရှုံးခဲ့သည်။ ၂၀၀၄ က ရုံတင်ခဲ့သော ဂျက်ကီချန်း၏ Around The Word In 80 Days ကလည်း ဟက်တက်ကွဲခဲ့ပြန်သည်။ ငွေကြေး အရင်းအနှီးက အနုပညာဖန်တီးရန် အတိုင်းအတာတခုသာ လိုအပ်ကြောင်း ပေါ်လွင်စေချင်သောကြောင့် သာ တင်ပြခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်က ဈေးကွက် ကျဉ်းမြောင်းသောကြောင့် ဟောလိဝုဒ်လို အကုန်အကျခံစရာလည်း မလိုအပ်ပေ။ အနုပညာအရည်အသွေး တိုးတက်ဖို့သာလိုအပ်ကြောင်း စာရင်းဇယားနှင့် နှိုင်းယှဉ်ပြလိုချင်သာဖြစ်သည်။

အနုပညာသမားသည် အနုပညာဖန်တီးဖို့အတွက် အင်အားလိုသည်။ အင်အားရှိမှသာ မိမိ ဖန်တီးလိုသည်ကို အနုပညာမြောက်စွာဖန်တီးနိုင်မှာဖြစ်သလို ဖန်တီးမှုအတွက် လည်း ခံစားခွင့်ရှိသင့်သည်။ မိမိ၏ စားဝတ်နေရေး ၊ တိုးတက်ကြီးပွားရေးသက်သက်ကို ဗဟိုပြုပြီး ဖန်တီးနေသမျှတော့ မြန်မာ့ရုပ်ရှင်လောက တိုးတက်ဖို့မမြင်မိ။

ဟောလိဝုဒ်တခုတည်းက တနှစ်လျှင် ရုပ်ရှင်ကားပေါင်း ၃၀၀ နီးပါး ထွက်သည်။ ဟောလိဝုဒ်နောက်ကောက်ကျလောက်အောင် မြန်မာ့ ဗီဒီယို က တနှစ်လျှင် ဇာတ်ကားပေါင်းထောင်ကျော်အောင် ထုတ်လုပ်နိုင်သောကြောင့် နောင်အခါ မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲထက် မြန်မာ့ဗွီဒီယို အကယ်ဒမီပေးပွဲလုပ်ခြင်းက ပိုများကောင်းမလား ဟု မောင်ရိုးစဉ်းစားမိပြန်တော့သည်..။

billy(ရိုးထက်)
4:32PM
31/12?2012

No comments:

Post a Comment