ဆောင်းတွင်းသာ ဆိုသော်လည်း အအေးဓါတ်ကို
သူထိထိမိမိမခံစားရ..။မနက်စောစော ရုံးတက်ချိန်တွင်ကားစီးရသည်မှာ
သက်တော့မသက်သာလှ..။ ချွေးအလွန်ထွက်တတ်သော သူအဖို့ တော့
ဆိုးရွားလွန်းလှသည်..။ ယခင်ကဆိုလျှင်တော့ ဒီလို
ရုံးဆင်းရုံးတက်ချိန်မျိုးကို သူဘယ်တော့မှ လိုင်းကားစီးဖြစ်လိမ့်မည်
မဟုတ်ချေ..။
သုံးလမ်း ..သုံးလမ်း…
သူစီးလာသော
ဘတ်စ်ကားက ဗဟန်းသုံးလမ်းမှတ်တိုင်ရှေ့တွင် တုံခနဲ့ ရပ်သွားပြီ …သူလည်း
မိမိကိုယ်ကို နှစ်ရှည်လများ ထောင်ကျပြီး ယခုမှ ထောင်ဘူးဝကိုမြင်ရသော
အကျဉ်းသား တစ်ယောက်လို ဘတ်စ်ကား တံခါးပေါက်ဝသို့ အလုအယက် ခပ်သုတ်သုတ်
တိုးလိုက်သည်..။ ထို့နောက် ကတ္တရာလမ်းပေါ်သို့ ခြေနှစ်ချောင်းလုံးကို
စုံပစ်ခုန်ချလိုက်ရင်း….လေကို တစ်ဝကြီးရှုလိုက်သေးသည်..။
ရှေ့ မလှမ်းမကမ်းတွင်..အတန်းဖော် ညီညီကို လှမ်းတွေ့လိုက်သည်..။
...ညီညီ..
ဝေး ညီညီ….
သူ
၃ ၄ ခါခေါ်သည်တိုင်..ညီညီက လှည့်မကြည့် …ရှေ့သို့သာ တူရူ
သွားနေသည်..။ပြေးလိုက်သွားရန် ကြံပြီးမှ ခေါင်းထဲ အတွေးတခု
ဝင်လာသည်..။ဒီလို မနက်စောစော ကန်တော်ကြီး ပတ်လမ်း ကို လမ်းလျှောက်ရင်း “မ”
အကြောင်းကို အခါခါတွေးဘူးသည်..။ “မ” အကြောင်းကို တွေးမိတိုင်းလည်း ရင်ထဲမှာ
ကြည်နူးမိသည်…။ ညီညီနဲ့ အတူလမ်းလျှောက်ဖြစ်လျှင်တော့ “မ” အကြောင်းကို
များများစားစားမတွေးနိုင်…။
နယ်မှ ရောက်လာသော ညီညီ…သိချင်သော
ရန်ကုန်မြို့၏ အကြောင်းအရာများ ကို မမောတမ်းဖြေရလေ့ရှိနေသဖြင့်
…ဦးနှောက်က မေးခွန်းတွေ အပေါ်တွင်သာ အာရုံစိုက်ထား ရသည်..။ အခုတော့ ညီညီ
မကြားလိုက်ခြင်းကပင် ခပ်ကောင်းကောင်းဖြစ်သွားသည်..။ သူစိတ်လွတ်ကိုယ်လွတ်
“မ” အကြောင်းကို ကောင်းကောင်းတွေးနိုင်တော့သည်…။သူတက်နေသော
ဟိုတယ်သင်တန်းရှိရာ ကန်တော်ကြီး ဟိုတယ်ရှေ့သို့ သုံးလမ်း မှတ်တိုင်မှ ၁၅
မိနစ်ခန့် လျှောက်ရသည်..။ဒါကြောင့် သူတနေ့ကို အနည်းဆုံး “မ”အကြောင်းကို ၁၅
မိနစ်ခန့် နေ့တိုင်းတွေးဖြစ်သည်..။
တကယ်တော့
လူတစ်ယောက်အကြောင်းကို နေ့တိုင်း ၁၅ မိနစ်ခန့် အားရုံစိုက်တွေးတောဖို့ဆိုတာ
လွယ်လှသည်..မထင်..။ အချို့ကတော့ ပြောပေလိမ့်မည်..နည်းလွန်းသည်..ဟု..။
"မ"သာ သိလျှင် ဟုတ်မှန်ကြောင်း ထောက်ခံ၍ ရယ်နေပေလိမ့်မည်...။
"မ"နဲ့
သူဆုံ တွေ့စဉ်က ... အလွန်စကားများလှသော "မ"ကို စိတ်ဝင်စားခဲ့လိမ့်မည်ဟု
မမျှော်လင့်ခဲ့ရိုးအမှန်ပင်ဖြစ်သည်..။ အများအားဖြင့် "မ"နဲ့
ကျွန်တော်သည်..ကိုယ်ထင်ရာကိုယ်ပြော ငြင်းခုန်နေကြသည် သာများ၏..။
နောက်ဆုံးတွင်တော့
"မ" ကသာ သူ့ကို အရှုံးပေးလက်လျှော့ သွားရစမြဲဖြစ်သည်..။ သူကတော့
ကိုယ့်ကိုယ်ကိုယ် ဘ၀င်လေဟတ် ရင်ဘတ်ကော့မြဲပင်..။ လူတို့သဘော နိုင်စရှိလျှင်
နိုင်ချင်မြဲ... အသာရချင်မြဲ ဖြစ်သည့် သဘာဝ အရ အငယ်ဖြစ်သော သူက
အလျှော့မပေး စိတ်ကောက်လိုက်သေးသည်..။
ပျော်ရွှင်စရာ
အချိန်များသည်... ပျော်နေရတုန်းလည်း ...ပျော်နေရသည်..ဟု မသိလိုက်ပဲ
ကုန်ဆုံးလွယ်လွန်းလှသည်..။ ၀မ်းနည်းစရာ တွေကတော့ လက်ငင်း ဒိဌတွင်
ခံစားဝမ်းနည်းရသလို နောင်အချိန်များစွာ ပြန်တွေးသတိရတိုင်းလဲ
ကြေကွဲဖွယ်ကောင်းလှသည်..။ "မ" ကို နိုင်လိုမင်းထက် ပြုမှုပြောဆိုခဲ့တုန်းက
ဝမ်းနည်းပါစေ ဆိုသော ရည်ရွယ်ချက်မျိုး မပါစေကာမှု ...စရနောက်ရသည်ကို
ပျော်ရွှင်မိသည်...ဆိုသော အချက်ကိုကား သူမငြင်းနိုင်...။
မည့်သို့ဆိုစေ
အလွန်သဘောကောင်းသော "မ"သည်... တချိန်ချိန် သူ့ကို စွန့်ခွာမည်ဟူသည်ကိုသာ
သူ တင်ကြို သိခဲ့လျှင် ဒီလောက်အထိ ရွှတ်နောက်နောက်
ဆက်ဆံခဲ့လိမ့်မည်မဟုတ်ပေ..။ မည်သည့်ကိစ္စတွင် မဆို... တဖက်တည်း က လိုက်လျော
အားထုတ်နေခြင်းသည်..ရေရှည်တွင်တော့ မကောင်းနိုင်...။ သိဥာဏ်ကိုစိုက်
စဉ်းစားလိုက်သည့် အချိန်တွင်တော့ "မ" က ခပ်ဝေးဝေးမှာ
ရှောင်ဖယ်ခွာကျင်တတ်နေပြီဖြစ်သည်..။
ခွဲခွာချိန်ရောက်ပြီးဟု
သူမသိလိုက်ခင်... အချိန်အတော်ကြာက ပင် "မ" က အသင့်ပြင်ထားဟန်တူသည်...။အရာရာ
နားလည် ရင့်ကျက်သော "မ" က သူ့ကို မှတ်သားစရာ စကားတချို့ ...ကို
သူ့အတွက်ထုတ်နှုတ်ထားခဲ့သည်..။
"လက်ခုပ်သံထွက်ဖို့အတွက်
လက်နှစ်ဘက်ရှိရမှာ ဖြစ်သလို..အသံကောင်းထွက်ဖို့ လက်နှစ်ဖက်လုံးက
အချိန်ဆညီညီ တပြိုင်နက် လှုပ်ရှားရလိမ့်မည်..." လို့ ပြောခဲ့တုန်းက သူရယ်မိပြုံးမိသည်..။
ယခုတော့
ဆုံးမစကားတွေပြောတတ်တဲ့"မ" တစ်ယောက်...သူ့အနားမှာ မရှိတော့...။
အချိန်တန်လျှင် ခွဲခွာရမည်ကို သိခဲ့ပါလျှက်...ပျော်စရာမပေး
..သောကပေးခဲ့မိသော ကိုယ့်ကိုယ်ကိုယ် သာ ပြစ်တင်မိသည်..။ ရင်ထဲက
အစစ်အမှန်တွေအကြောင်းကို ယခုချိန်ရောက်မှ.. မကြားနိုင်သော လူတစ်ယောက်ဆီသို့
အော်ဟစ်ပြီး မပြောချင်တော့...။ တကယ်တော့ ... သူ.."မ"ကို ချစ်မိနေသည်..ကို
အချိန်တော်ကြာမှ သိခဲ့ခြင်းဖြစ်သည်..။
ဒီအကြောင်းကိုသာ
သိလျှင် "မ" ကတော့ ပြုံးရုံမက ရယ်ပါ ရယ်နေပေလိမ့်မည်...။ နင့်အချစ်ကို
ငါသိပါတယ်..။ရမလားလို့ လာပြောနေတာမှတ်လား ဟု "မ"က ပြန်ပြောခဲ့လျှင်
သူရွံ့ရှာမုန်းတီးမိပေ့လိမ့်မည်..ကိုကိုယ်တိုင်နားလည်သည်..။အချစ်ကို
ဦးထိပ်ထားတတ်သူ တစ်ယောက် မဟုတ်တောင်မှ ရှိစုမဲ့စု ဒီခံစားချက်ကလေးကို
အလှောင်ပြောင် အစော်ကားမခံနိုင်..။အားနည်းချက်က သိပ်ချစ်တတ်တာပါဟု ...
ပြောလျှင် မယုံမည့်သူကို အထပ်ထပ်ယုံအောင် မပြောချင်...။
ကိုယ်က
အရင်စိတ်ဒုက္ခပေးခဲ့သူမို့ အလှည့်ရောက်လျှင် မနွဲ့စတမ်းပေါ့ဟု
မာန်တင်းရသည်..။ကိုယ်နားမနေချင်...ခွဲခွာချင်သူကို
ဆွဲမထားချင်...စိတ်မညစ်စေချင်...။ နောက်ဆုံး ချစ်သက်သေပြစရာဆိုလို့
"မ"သဘောကို လိုက်လျောလိုက်ခြင်း ပင် ဖြစ်သည်ကို "မ"တစ်ယောက်တော့ သိမှ
သိပါလေစ..။
ကန်တော်ကြီးပတ်လမ်းမှာ "မ"နဲ့သူ အတူတူလမ်းမလျှောက်ဘူးပါ..။ သို့သော် စိတ်ကူးထဲမှာ အတူလျှောက်နေသည်..။တိုင်ဆိုင်ခြင်းအလျင်းမရှိ
တိုင်ဆိုင်လို့ တွေးမိရင် သတိရတာတဲ့ …။
အချိန်တိုင်းတွေးနေလျှင်တော့ လွမ်းတာတဲ့..။
သူ “မ”ကိုလွမ်းနေခဲ့သလား..ကိုယ်တိုင်ပင် ဝေခွဲခက်လှသည်..။
billy(27.11.2011) 5:12 PM
No comments:
Post a Comment