Monday, January 7, 2013

ထို့ကြောင့် ကျွန်တော်သည်

ကျွန်တော် သည်.....များသောအားဖြင့် စာဖတ်ခြင်းကို ၀ါသနာကြီးသလို..စာရေးရခြင်းကိုလည်း များစွာနှစ်ခြိုက်ပါသည်..။ စာရေးဆရာကြီး တဦး ၏ စကားကို မှတ်သားဖူးပါသည်...။ စာရေးခြင်းသည်... စရိတ်စက အနည်းဆုံးသော အနုပညာကို ဖန်တီးခြင်းဖြစ်ပါသည်..။ဘောလ်ပင် တချောင်း စာအုပ် တအုပ်ရှိရုံမျှဖြင့် လွပ်လွပ်လပ်လပ် ဖန်တီးနိုင်သည်..။ ( ဆင်ဆာတော့ မထိစေနဲ့ပေါ့ဗျာ ..နာမည်ကြီးသွားရင်ပြောပါတယ်)
ထို့ကြောင့် ကျွန်တော် စာရေးရခြင်းကို နှစ်ခြိုက်သည်...။ သို့သော် စာရေးဆရာတော့ မဟုတ်ပါ...။

             ကျွန်တော်သည်..များသောအားဖြင့် သူငယ်ချင်းတွေနဲ့ အရက်သောက်ရလျှင် ပျော်ရွှင်သလို အမြည်းများများ စားရတိုင်းလဲ ကျေနပ်ပါသည်..။ ရှေးလူကြီး တွေကဆိုခဲ့ဖူးသော သောက်သောက်စားစားလူ့မင်းသား ဟူသောစကားကို မှတ်သားဖူးပါသည်..။ အရက်သောက်ခြင်းသည်.. ကို မအိုဆေးကို မှီဝှဲခြင်းဟု ခေါ်သည်..။( ကျန်းမာရေးကို ထိခိုက်နိုင်သောကြောင့် အိုခြင်း တရားကိုမရောက်မှီ ကိစ္စချောနိုင်သောကြောင့်ဖြစ်သည်) ထိုကြောင့် ကျွန်တော် အရက်သောက်ခြင်းကို နှစ်ခြိုက်သည်..။ သို့သော် အရက်သမားတော့မဟုတ်ပါ..။

            ကျွန်တော်သည်...များသောအားဖြင့် ဇာတ်လမ်းဇာတ်ကွက် ကောင်းမွန်သော ရုပ်ရှင်ကားများကို နှစ်သက်သလို..၊ သိပ္ပံအက်ရှင် များကိုလည်း ခုံခုံမင်မင် ကြည့်လေ့ရှိသည်။ မြန်မာ့ရုပ်ရှင်၏ ဖျော်ဖြေပေးရန်၊ ပညာပေးရန် ၊ဗဟုသုတပေးရန်(မှတ်မိသလောက်သာဖြစ်သည်) ဆိုသော ဆောင်ပုဒ်ကိုကြားဖူးသည်။ မြန်မာဇာတ်ကားတွေကြည့်လျှင် ဖျော်ဖြေမှုကလွဲလျှင် ကျန်သည့်အပိုင်းက အားနည်းချက်တွေက ထောက်ပြလို့ပင်ကုန်မည်မထင်..။ကိုယ်ပေါင်ကိုလဲ ကိုယ်လှန်မထောင်းချင်..။ ဘာသာစကား အတိအကျ နားမလည်သော နိုင်ငံခြားကားကို ကြည့်ရခြင်းက ပို၍  အဆင်ပြေသလိုပင်...။ ထို့ကြောင့်  ဖိုက်တင်ခန်းတွေ ကောင်းသော နိုင်ငံခြားကားများကို ရုံကြီးမှာ သွားမကြည့်နိုင်လျှင် လမ်းဘေးခွေဆိုင်တွေမှာ စိမ်ပြေနပြေရွေးရတာကို နှစ်ခြိုက်သည်..။ သို့သော် ဗိုလ်အောင်ဒင်တို့..၊ ဗန်တိုလူလေးတို့...ကို မကြိုက်ခဲ့သူတော့ မဟုတ်ပါ..။

          ကျွန်တော်သည်...များသောအားဖြင့် အကြောင်းမဲ့ ငြင်းခုန်ရခြင်းကို နှစ်သက်ခြင်းမရှိသော်လည်း အချက်အလက်နှင့် သူနိုင်ကိုယ်နိုင် ငြင်းခုန်ရတိုင်း အာတွေ့လှသည်..။ ရှေးလူကြီးတွေက မေးပါများ စကားရဟု ပြောခဲ့ဖူးသည်...။ (တိုက်တိုက်ဆိုင်ဆိုင် စကားစကား ပြောပါများ..စကားထဲက ဇာတိပြ ဆိုသော ဆုံးမစာတခုကိုလဲ ပူးတွဲ မှတ်သားဘူးသည်..။) ပါးစပ်ပါလျှက်ကယ်နှင့် မပြောတတ်သလို နေရမှာကို မနှစ်မြို့ကြ၍ထင်သည်..။ထို့ကြောင့် ကျွန်တော်သည်.. ပါးစပ်ပါသောကြောင့် ပြောဖို့မေးဖို့ တာဝန်ရှိသည်ဟု မိမိဘာသာခံယူ၍ ကြုံလျှင်ကြုံသလို( ဖေ့ဘုတ်သုံးရင်း) ငြင်းခုန်ဖို့ အခါမလပ်ကြိုးပမ်းနေရခြင်းကို နှစ်ခြိုက်သည်..။ သို့သော် ငါနဲ့မတူ ငါ့ရန်သူ ဟူသော ၀ါဒီမျိုးတော့မဟုတ်ပါ..။

            ကျွန်တော်သည်..များသောအားဖြင့် ကောင်မလေးချောချောလေးများတွေ့ရင် ကြည့်သလို.....ကြည့်မိတိုင်းလဲ သူတို့လေးတွေနဲ့ အိုချင်စိတ်တို့ ပေါက်ရသည်..။ ရှေးလူကြီးတွေက ယောက်ျားကောင်း မောင်းမတထောင်ဟု ဆိုကြသည်..။ ဘ၀၏ ဆုလာဒ်ထဲတွင် ချစ်သူနဲ့ ပေါင်းဖက်ရခြင်းသည်.. ဆုလာဒ်တခုဖြစ်သည်ဟု ထင်ကြသည်..။ (အိမ်ထောင်သည်များကတော့ ဤအယူအဆသည် မှားယွင်းကြောင်း သက်သေသာဓကနှင့်တကွ ထောက်ပြလေ့ရှိသည်..) ထို့ကြောင့် ကျွန်တော်သည်..မိန်းကလေးများနှင့် ချစ်ခင်ကျွမ်းဝင်ဖို့ ကြိုးစားအားထုတ်ရခြင်းကို နှစ်ခြိုက်သည်..။သို့သော် အခွင့်အရေးသမားတော့မဟုတ်ပါ..။


billy (ရိုးထက်)
12:32 AM
29.12.2012

No comments:

Post a Comment