Tuesday, January 8, 2013

အကြံကြီးသူနဲ့ ဖန်စားသူ


အမှန်တော့ ကျွန်တော် ခေါင်းစဉ်ပေးချင်တာက ဖန်တီးသူနဲ့ ခံစားသူရယ်လို့ပါ..။သို့သော်လည်း ဒီလိုခေါင်းစဉ်မျိုးကို စာပေဟောပြောပွဲမှာ ဆရာကြီး ချစ်ဦးညိုက အသုံးပြုခဲ့ဖူးသည် မို့ ယူသုံးရမှာ အားနာလှသည်...။ ဆရာချစ်ဦးညို၏ ပြောင်မြောင်သော စာပေအရေးအသား ဟောပြောချက်များနှင့် ကျွန်တော်၏ သုံးသပ်ချက် မှုန်မှုန်ကလေးကို ရော်ထွေးသွားမှာစိုးသောကြောင့် ..ထို ခေါင်းစဉ်ကို ယူ မသုံးဝံရဲခဲ့ပေ။

ရသကိုသာ ဦးစားပေးခံစားတတ်သော ဥာဉ်ကြောင့် အချက်အလက် အားကိုးရလေ့မရှိသော အလွမ်းအဆွေး ဟာသ များကိုသာ ရေးသားခဲ့သည်ကသာ များသည်..။ ရိုးရိုးသားသား ၀န်ခံရလျှင် ပရော်ဖက်ရှင်နယ် စာရေးဆရာမဟုတ်လင့်ကစား ကျွန်တော်ရေးသော စာများကို နှစ်သက်သူများ သဘောကျသူများရှိလျှင် ပျော်ရစမြဲဖြစ်သည်..။ ပကတိနှင့် ကင်းကွာသော အခြေအနေမျိုးကို ကြံဖန်မရေးတတ်သောကြောင့် ကိုယ့်အတွေ့အကြုံ မှသော်လည်းကောင်း..၊ ကိုယ့်ပတ်ဝန်းကျင် မှ တွေ့ဆုံကြုံကွဲ သဘောသဘာဝ တို့ကို ခံစားမိသည့် အခါမှသော်လည်းကောင်း ကျွန်တော်စာရေးလေ့ရှိသည်..။ စာရေးလည်း မသွက်ပါ...။ ထိုကြောင့် ကျွန်တော့် အ၀န်းအ၀ိုင်း ဘောင်ကလေးက ကျဉ်းလွန်းလှသည်..။

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ကျွန်တော် ဟာသသက်သက် ပိုစ့်တခုရေးခဲ့ဘူးသည်..။ ပိုစ့်ကလေးကို လူကြိုက်များသောကြောင့် ထိုပိုစ့်ကလေးကို ပင် အကြောင်းပြု၍ နောက်တပုဒ် ထပ်ရေးဖြစ်သည်..။ ပိုစ့်နှစ်ခုလုံးတွင် ကာရန်ကို အဓိကထား၍ ရေးခဲ့ခြင်းဖြစ်သည်..။ ရှေ့နောက် ကာရန် မိစေရန် ခေါင်းခြောက်မတတ် စဉ်းစားခဲ့ရသော်လည်း အပင်ပန်းခံခဲ့ရကျိုးနပ်သည်ဟု ဆိုရလောက်အောင် လူကြိုက်များသဖြင့် များစွာ ပီတိဖြစ်ရသည်...။ စာစတင်ရေးဖြစ်ခဲ့သည့် အချိန်မှ စ၍ ရေးခဲ့ဘူးသော စာတိုစာရှည် များစွာအနက်မှ ထို ပိုစ့်နှစ်ခုကို လူအများစုလက်ခံသဖြင့် ကျေနပ်မိသည်..။

ပိုစ့်တင်ပြီး သိပ်မကြာခင် အချိန်လေးမှာပင် ကျွန်တော့် အီးမေလ် အတွင်းသို့ forward mail တစောင်ဝင်လာသည်...။ ခေါင်းစဉ်ကလဲ ကိုယ့် ပိုစ့်ခေါင်းစဉ်နှင့် ကိုယ်တိုင်ရေးခဲ့သော စာသားများပင်ဖြစ်သည်...။ မပါလာတာကတော့ ကျွန်တော့်နာမည်ပင်ဖြစ်သည်...။ ဟိုမှာ ဒီမှာ ကျွန်တော့်ပိုစ့်ကို တွေ့မိပါသည် ဟု သူငယ်ချင်းတွေက အသိပေးခဲ့သော်လည်း... ရေးသားသူမှာ ထူးထူးခြားခြား ကျွန်တော် မဟုတ်တော့ပေ...။ သို့တိုင်အောင် ကျွန်တော် ဘာသိဘာသာ နေခဲ့သည်...။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပိုစ့်ကို ကောင်းလို့သာ ယူသုံးကြခြင်းဖြစ်သည်..ဟု သာ သဘောပိုက်မိသည်..။ ကိုယ်ကလဲ နာမည်ကြီး စာရေးဆရာမဟုတ်..။ ကိုယ့်ပိုစ့်ကို သူတို့ ဘလော့ဂ်မှာ ယူသုံးတာပင် ကျေးဇူးတင်ဖို့ကောင်းလှသည်..။ ကိုယ့်နာမည် မပါတာကတော့ တပိုင်းပေါ့...။ ကျွန်တော်ကတော့ ကိုယ့်ပိုစ့်လေး အွန်လိုင်းမှာကိုယ်တိုင် မဖြန့်ရပဲ ပြန့်နှံသွားသဖြင့် အကျေနပ်ကြီး ကျေနပ်မိသည်..။

တလောက ကျွန်တော့်ပို့စ် အဟောင်းလေးကို အွန်လိုင်းမှာ အခြားတစ်ယောက်က ပြန်တင်ထားသည်ကို တွေ့မိ၍ ဘေးမှာ အသင့်ထိုင်နေသော သူငယ်ချင်းကို မနေတတ် မထိုင်တတ် အကြွားဓါတ်ခံလေးနှင့် " ဒါငါရေးထားတဲ့ ပို့စ်လေကွာ ..."ဟု .... ပြောလိုက်သောအခါ.." ဒါမင်းရေးထားတာမှ မဟုတ်တာ ... " ဟုအစချီကာ သူသိသော ဘလော့ဂ်များ မှာတင်ထားသည့် အကြောင်း စသဖြင့် ငြင်းခုန်ရတော့သည်...။ နောက်ဆုံးတော့ ကျွန်တော် ထိုပို့စ်ကို ရေးစဉ်တုန်းက ၀ိုင်းဝန်းအကြံပေးခဲ့သော သူငယ်ချင်းဖြစ်သူက လာရောက်ရှင်းလင်းမှ ပင် ကျွန်တော်ရေးခြင်းဖြစ်ကြောင်း လက်မခံချင် ခံချင်နှင် လက်ခံရှာတော့သည်..။

ကိုယ်တိုင် ရေးခဲ့ပါသည်ဆိုသော ပို့စ် အတွက် ကိုယ်တိုင်ရေးကြောင်း သူများယုံအောင် ပြောရသည်ကတော့ ခံပြင်းစရာကောင်းလှသည်...။ ကိုယ်လိုမျိုး ဒီလိုကြုံနေရတဲ့သူတွေ ဘယ်လောက်တောင် ရှိမလဲ ဟု ကိုယ်ချင်းစာ စိတ်ဖြစ်ရသည်...။ တော်သေးသည်..သူငယ်ချင်းချင်းဖြေရှင်းရသည်က တကြောင်း ၊တဘက်ကလဲ အထောက်အထားရှိနေသည်က တကြောင်း၊ အပြင်မှာ နဖူးတွေ့ဒူးတွေ့ ဖြေရှင်းရသည်က တကြောင်းတို့ကြောင့်သာ ကျေနပ်လောက်စရာအဖြေရခဲ့ခြင်းဖြစ်သည်..။

အွန်လိုင်းမှာ ပြောရဆိုရဆိုလျှင် ဒီကိစ္စက ပိုရှုပ်ထွေးသွားနိုင်သည်...။ ဖန်တီးသူက ဖန်တီးလျှင် ခံစားသူက ခံစားရန်သာဖြစ်သည်..။ မှီးငြမ်းနိုင်သည်..။ပြုပြင်နိုင်သည်..။ ပိုကောင်းအောင် ပြင်ဆင်နိုင်သည်..။ သို့သော် တိုက်ရိုက်ကူးယူ၍တော့ ကိုယ်တိုင် ဖန်တီးသကဲ့သို့တော့ မပြုလုပ်သင့်ပေ..။ မူရင်းဖန်တီးသူကို အသိအမှတ်ပြုသင့်သည်..။မလေးစားလျှင်တောင် စော်ကားသလိုမျိုးတော့ မဖြစ်သင့်ပေ..။ဖန်တီးသူကို အသိအမှတ်မပြုလျှင် ကြာလျှင် မူလဖန်တီးသူ၏ ဇာစ်မြစ်ပျောက်သွားနိုင်သည်..။နာမည်ကြီးမှ သာ credit ပေးမည်ဆိုလျှင် နာမည်ကြီးများသည်လဲ တချိန်က သူလိုကိုယ်လို တွေပင်ဖြစ်သည်..။

ယခုလို သတင်းအချက်အလက် လျှင်လျှင်မြန်မြန် စီးဆင်းနိုင်သည့်ခေတ်ကြီးတွင် မူလဖန်တီးသူ၏ အခန်းကဏ္ဍန် မည်မျှ အရေးကြီးသူကို သတင်းသမားတိုင်းသိသည်..။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဖန်တီး ရေးသားသူတွင်သာ တာဝန်ရှိသည်...။များသောအားဖြင့် လူကြိုက်များလောက်သော သတင်းအချက်အလက်စကားပြေများတွင် တုပခိုးချလေ့ရှိကြသည်...မကြာခဏဆိုသလို ဖန်တီးသူနဲ့ ခိုးချသူကြား ပြဿနာတွေ ဖြစ်ကြသည်...။ ဖန်တီးသူကလဲ အကြံကြီးကြီးနှင့် ပင်ပင်ပန်းပန်း ဖန်တီးထား၍ နှမြောလိမ့်မည်...။ ခိုးချသူကလဲ ကိုယ့်အကျိုးအတွက် ဖန်စားဖို့အတွက် နာမည်ကြီးရေးအတွက် လွယ်လွယ်ကူကူအသုံးချပေလိမ့်မည်...။ သို့သော် တကယ့်တကယ့် ပြဿနာဖြေရှင်းရမည်ဆိုလျှင်တော့ တုပသူတွေက အင်တာနက်ကိုသာ လက်ညိုးထိုးပေလိမ့်မည်...။

ကျွန်တော်လည်း ယခု ပြဿနာရှာရမည်...။ လိုအပ်လျှင် ရုံးတိုင်သင့်လျှင်တိုင်ရမည်...။နစ်နာကြေးတောင်းသင့်လျှင်တောင်းရမည်..။ အဘယ်ကြောင့်ဆိုသော် တမြန်နေ့က ကျွန်တော့်ပိုစ့်ကို page တခုမှာတင်ထားသည်ကို တွေ့ရသည်...။ထို့ကြောင့် ကျွန်တော်နဲ့ ရေးသားသူ ပြေလည်အောင် ညှိရဦးမည် ဖြစ်သည်... ။


ရေးသားသူကတော့...... Credit by Google ဖြစ်သည်...။



billy (ရိုးထက်) 2:40PM
20.12.2012

No comments:

Post a Comment