Tuesday, January 8, 2013

ဘ၀နှစ်ခု


ပထမပိုင်း

" နင်..သူဌေးသမီးကိုယူတော့ နှိမ်ခံရမှာပေါ့...။"
အမေ့စကား၏ အသွားအလာကို ကျွန်တော်ကောင်းစွာ သဘောပေါက်သည်..။

ခင်မာလွင်နဲ့ ကျွန်တော်တွဲသွားတွဲလာ လုပ်နေသည်မှာ ၁၅ ရက်ပင် မပြည့်တတ်သေး..။ မည်သူက အမေ့ကို ရွှေနားတော်သွင်းလိုက်သည်...မသိ..။ဒီလောက်မြန်မြန်ဆန်ဆန် အမေသိသွားလိမ့်မည်လို့တော့ ကျွန်တော်မထင်ထားသေးပေ..။

တကယ်တော့ ကျွန်တော် စိတ်ဝင်စားသည်ကို ခင်မာလွင်က လက်ခံစဉ်းစားပေးမည် ဆိုရုံမျှသာ...။ မိတ်ဆွေရင်းချာ တစ်ယောက်နှယ်.. မြန်မြန်ဆန်ဆန် တွဲသွားတွဲလာခွင့် ပေးသည်ကတော့ ကျွန်တော့်ဘက်က အနည်းငယ် အခြေအနေကောင်းသည်..ဟု ၀န်ခံရပေမည်..။ သို့တိုင်အောင်... သမီးရည်းစားမဖြစ်သေးသ၍ ဘာမဆိုဖြစ်သွားနိုင်သဖြင့် ... အပိုင်တွက်လို့လည်း မရပေ..။

"နင်သိလား သူတို့ က ...တမျိုးလုံး သောက်ကြီးသောက်ကျယ်တွေ..။ သူ့အမေဆို..xxxxx သူ့အဖေဆိုxxxxxx ......"
အမေ့စကားတွေက နားထဲဝင်တစ်ချက်..မ၀င်တစ်ချက်... ။ အမေ့နှုတ်ထွက်စကားတွေ အဆုံးမှာတော့ ကျွန်တော့်ဘက်က ချေပစရာ စကားတို့ နှုတ်မှ ထွက်မလာဝံတော့...။

ကုန်သည်မျိုးရိုး ဖြစ်သော ခင်မာလွင်တို့၏ မိသားစုမှာ ငွေကို ဖောဖောသီသီသုံးနိုင်သည်...ကျွန်တော့်တို့ထက် များစွာ အဆင်ပြေသည်..ကား မှန်၏..။သို့သော် အလှမ်းကွာလွန်းသည့် အခြေအနေမျိုးတော့မဟုတ်...။

အမေ့ မှတ်ချက်တို့ကြောင့် လက်ဝယ်မရှိသေးသော မုန့်ဆီကြော်နဲ့ မရှိသေးသော နှုတ်ခမ်းပဲ့ နဲ့ တည့်ပါ့မလား စိုးရိမ်မိသည်..။

မဖြစ်သေးသော.. ချစ်ရည်းစားသာ ဒီစကားတို့ကိုသာကြားလျှင် ရင်ထုမနာ ဖြစ်နေပေလိမ့်မည်...။

မိဘနဲ့ သားသမီး စိုးရိမ်ပူပန်တတ်သော သဘာဝကို နားလည်လက်ခံနိုင်သော်လည်း.. ဒီကိစ္စတွင်တော့ အမေ အစိုးရိမ်လွန်ကဲသည်ဟု..ကျွန်တော် ထင်မိသည်...။

အရွယ်ရောက်လျှင် ရည်းစား ထားတတ်သည်မှာ သဘာဝသာဖြစ်သည်..။ ထိုမှ တဆင့် သံယောဇဉ်ရစ်နှောင်တွယ်..အိမ်ထောင်ပြု..သားသမီးတွေမွေး..မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ သေတပန်သက်တဆုံး လူ့လောကကို ပျော်ပျော်ကြီးဖြတ်သန်းကြသည်..။ ဒါက သီအိုရီအရဖြစ်သည်..။

ရည်းစား မထားခဲ့ရပဲ ..အိမ်ကသဘောတူသောသူ ( ကျွန်တော့်အဖေ(၀ါ) အမေ့ယောက်ျား) ကို ယူခဲ့ရသော အမေ က ဒါကိုနားလည်ဟန်မတူ...။အိမ်ထောင် မပြုခင် ... အခြေအနေပေးလျှင် ပေးသလို ရည်းစားထား ချစ်သူရှာတတ်သော သဘာဝကို အမေက သဘောမကျတာလား...သဘောပဲ မပေါက်တာလား...ကျွန်တော်  မသိတော့ချေ..။

ခေတ်မှီလာသော လူ့အဖွဲ့အစည်းတွင် ရည်းစားထားခြင်းနှင့် အိမ်ထောင်ပြုခြင်းသည်...လားလားမျှမသက်ဆိုင်..။ ရည်းစားများတိုင်း အိမ်ထောင်ကျမည်ဟု တရားသေတွက်၍ မရ။ အိမ်ထောင်ကျတိုင်းလည်း ရည်းစားများချင်မှ များပေမည်..။ သို့မဟုတ် လုံးဝ ရှိချင်မှလည်း ရှိပေလိမ့်မည်..။

အမေ့ကို ရှင်းပြလျှင်...ဆိုလိုရင်းက ပိုဝေးသွားနိုင်သည်..။ ပြီးတော့ မိဘကို ပုန်ကန်၍ မိန်းမနောက် ကောက်ကော်ပါသွားသည် ဟူသော အဖြစ်မျိုးကို ကျွန်တော့်သမိုင်းတွင် မော်ကွန်းမတင်လို..။ ထို့ကြောင့် ရေငုံနှုတ်ပိတ် ဆိတ်ဆိတ် နေခြင်းသာ အကောင်းဆုံးဖြစ်သည်..ဟု သဘောပိုက်မိသည်..။အခြေအနေကို အမေတဖြည်းဖြည်း နားလည်သဘောပေါက်လာနိုင်မည်ဟုသာ တိတ်တခိုး မျှော်လင့်မိသည်..။

သို့သော် နားလည်သဘောမပေါက်သူကတော့ ခင်မာလွင်သာဖြစ်သည်..။ အမေ့ပြောစကား ဘယ်ပုံပေါက်ကြား သူမနားရောက်သွားသည်..မသိ..။ ကျွန်တော့်ကို ကွိုင်ရှာတော့သည်..။သို့သော် ကျွန်တော့်ထက် အသက်တစ်နှစ်မျှကြီးသော သူမ ပေါက်ကွဲပုံက ပညာသားပါသည်..။ သူမအပါး ကျွန်တော်ရောက်သွားတိုင်း အရင်လို ပြုံးအလှတို့ မမြင်ရတော့..။ ကျွန်တော် နဘေး ရှောင်ခွာပြေးဖို့သာ သူမအားထုတ်သည်..။ တိတိပပ ပြောစရာစကားတို့ ကျွန်တော်တို့နှစ်ဦးကြား ခန်းခြောက်ကုန်သည်..။
သူမအိမ်ရှေ့ ခုံတန်းလေးမှာ စောင့်နေခြင်း အလျှင်းမရှိတော့...။ မလိုလားဟန်ကို ပါးစပ်ကမထွက်...ရုပ်သက်သက်ဖြင့်သာ ဆန္ဒပြတော့သည်..။

ကျွန်တော်ဘက်ကို နည်းနည်းကလေးမျှ ကိုယ်ချင်းစာသနား စာနာစိတ်လေးများထားဖို့ရယ်မရှိ..။ မိန်းကလေးတစ်ယောက်ကို အပြင်မှာ ချစ်ရေးဆိုရသည်..မှာ..လွယ်ကူလှသည်..ကိစ္စတော့မဟုတ်ပေ..။ငယ်ပေါင်းကြီးဖော် သူငယ်ချင်းဆိုလျှင်ထားတော့ ..အနည်းငယ်မျှတော်သေးသည်..။ သူ့ကိုယ်မသိ..ကိုယ့် သူမသိကြတော့ ... နည်းနည်း အရှက်နည်းရသည်..။မျက်နှာပြောင်နှင့် ၀င်လုံးရသည်..။ တခါတရံ ပေါပြရသည်..။တခါတရံတော့ ဖောရသည်..။ အွန်လိုင်းမှာလို လက်ချောင်းကလေးတွေ ကောင်းကောင်းလှုပ်တတ်ရုံ ..၊ စာတိုပေစလေး ချောချောမွေ့မွေ့ ရေးတတ်ရုံ..၊ ဓါတ်ပုံလှလှလေး သုံးလေးပုံလောက်မျှ ဖြင့် လုပ်စားရန်မလွယ်...။ ပါးစပ်က အထွက်နဲ့ အပြင်က လုပ်ရပ် တသားတည်း နီးပါးကျ မှအဆင်ပြေနိုင်သည်..။နေ့စဉ် ပြောင်းလဲချူချာနေသော ရုပ်ရည်ရူပကာကိုလည်း အဆင်ပြေအောင် ချယ်ရသရသေး သည်..။ အ၀တ်အစားက အစမျှတအောင် ဆင်ယင်ရသည်..။ နောက်ဆုံး အဆင့်အနေဖြင့် မိမိ၏ လုပ်ကွက်(၀ါ) အလုပ်အကိုင်ဖြင့် မက်လုံးပေးရသည်..။

ဤသို့ဤနှယ် ခက်ခက်ခဲခဲ နည်းလမ်းများဖြင့် အကြောင်းပါရန် အားထုတ်ခဲ့ရသော ကျွန်တော့်အဖို့ အလွယ်တကူဖြင့် လက်လွှတ်သွားမှာ စိုးရိမ်သည်...။ ရပ်ကွက်ကလည်း သူမနဲ့ ကျွန်တော့် အကြောင်းတစေ့တစောင်းတော့ သိနေကြသည်..။ နောင် ကျွန်တော် တစ်ယောက် ငေါင်တောင်တောင် နဲ့ လမ်းလျှောက်သွားလျှင်ဖြင့် ပြုံးတုံတုံ နဲ့သာ ကြည့်နေကြပေလိမ့်မည်..။ ဒီလိုအဖြစ်မျိုးကို  ကျွန်တော်မည်သည့် ပုံစံမျိုးနှင့်မျှ လက်မခံနိုင်ပေ..။

ဒါပေမယ့် လည်း...ဒါပေမယ့်လည်းပေါ့လေ...။
ဆိုစကားတခုအလိုအရ...မိဘစကားနားထောင်သော သားသမီးလိမ္မာများသည်...ချစ်သူကောင်းမဖြစ်နိုင် ဆိုသည့်အတိုင်း... အိမ်ကို မလွန်ဆန်နိုင်ခဲ့သော ကျွန်တော်သည်လည်း ...အမေစကားကို အောင့်အီးသည်းခံနားထောင်ရင်းမှ သူမ၏ နားလည်နိုင်မည့် အချိန်ကို မျှော်ကာသာ မောနေခဲ့ရသည်..။ သူမကော် ကျွန်တော်ကော် မည်သူက သားသမီးလိမ္မာဖြစ်ခဲ့သည်တော့ မသိပေမယ့်...နှစ်ဦးသား ချစ်သူကောင်းတော့ ဖြစ်ခွင့်မရခဲ့ရှာပါ..ချေ..။ အေးသွားသော ချိပ်ကို မီးမတိုက်လိုတော့ သော သူမနဲ့ ကျွန်တော်သည်... ခပ်ဝေးဝေးက မြင်တိုင်း အလိုက်တသိ ရှောင်ကွင်းသွားလေ့ရှိသည်..ကို ကျွန်တော် တို့အကြောင်းများ သိတဲ့သူတွေများ မြင်ခဲ့ရင် ...... သဘောကျစရာဖြစ်နေပေလိမ့်မည်...။


ဒုတိယပိုင်း...

ဒီကနေ့အတွက်..
သူမမျက်နှာလေးကို အခုမှသာ နီးနီးကပ်ကပ်မြင်ခွင့်ရခြင်းဖြစ်သည်..။
ဖြစ်နိုင်မည်ဆိုလျှင်  ပါးစပ်မှ စကားတခွန်းမှ မဟပဲ ..၊ မျက်တောင်တွေကို တချက်မျှ မခတ်မပိတ်ပဲ ...သူမကို ထိုင်ကြည့်နေချင်စိတ် ဖြစ်ရ၏။
မပြုံးမီကပင် နှုတ်ခမ်းပါးသည်.. ဖူးငုံကာစ နှင်းဆီနု...။
ပြုံးလိုက်ပြန်သော အခါ နှုတ်ခမ်းလွှာသည်.. ပွင့်လန်းကာစ နှင်းဆီပွင့်..။

" ဒီနေ့ မောနေတယ်ပေါ့...။စောင့်ရလို့လေ..။"
ခေါင်းကလေး မော့၍ ပြုံးပြုံးလေး ပြောလာသော ချစ်သူ လေးကို ခေါင်းခါပြရင်းမှ..

"မမောပါဘူး..။ နောက်ကျလို့ စိုးရိမ်တာ.."
ပါးစပ်က ပြောရင်း သူမ၏ ခြင်းတောင်း သေးသေးလေးကို လှမ်းယူလိုက်သည်..။

ထို့နောက် တက္ကစီး တစီးကို သွက်သွက်လက်လက် ငှားလိုက်သည်..။သူမကို အလိုက်သင့်လေး တံခါးဖွင့်ပေးလိုက်သည်..။
ကားလေးက ကျွန်တော်တို့ နှစ်ဦးထိုင်နေကျ ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ဆိုင်လေးတစ်ဆိုင်ရှေ့တွင် ရပ်သွားသည်..။

စကားပြောလျှင် နန္ဒာကလေ...နန္ဒာကလေ ဟု...အစချီ၍ စကားပြောတတ်သော သူမ၏ စကားလုံးများကို ကျွန်တော် တမေ့တမောနားထောင်နေကြ...။
နာရီဝက်ကျော်ကျော်မျှ အကြာတွင် သူမကို လိုင်းကားပေါ်ကျွန်တော်တင်ပေးလိုက်သည်..။
ဒါက ရက်သတ္တပါတ် လျှင် နှစ်ကြိမ်မျှသာ ..ဖြစ်သည်..။

ရပ်ကွက်ထိပ်..ကားမှတ်တိုင်တွင် လာကြိုလေ့ရှိသော သူမအမေကြောင့် ကျွန်တော်နဲ့ အမြဲတမ်း လမ်းခွဲပြီးမှ ဟန်မပျက် လိုင်းကားစီးပြန်လေ့ရှိသောသူမကို ရံဖန်ရံခါ အားနာသနားမိသည်..။ကျွန်တော့်ကြောင့်သာ သူမခမျာ အိမ်ကို လိမ်နေရရှာသည်...။

အိမ်နီးချင်းဖြစ်သော သူမ၏ မိသားစုနှင့် ကျွန်တော်သည် ဆွေမျိုးရင်းခြားတမျှ ရင်းနှီးလွန်းလှသည်..။ အချိန်မရွေးဝင်ထွက်သွားလာခွင့် နဲ့ စားသောက်ခွင့်ကို ရထားသော ကျွန်တော် နဲ့ သူမ ရင်နှီးချစ်ကျွမ်ဝင်ခဲ့သည်မှာ အဆန်းတကြယ်တော့ မဟုတ်လှ..။  ချို့တဲ့သော်လည်း သဘောထား ပြည့်ဝလှသော သူမ၏ မိသားစုသည်... ကျွန်တော်နဲ့ သူမအကြောင်း သိလျှင်ကော်..ဆက်လက် သဘောထားကြီးနိုင်ပါမည်လား..။အခွင့်အရေးသမား ဟု အပြောခံရမည်ထက်...သူမ အနေကြပ်မှာကို ကျွန်တော်စိုးရိမ်သည်..။ဒါကို သတိချပ်မိသောကြောင့် နှစ်ဦးသား သတိစွဲ..ရပ်ကွက်ထဲဆိုလျှင်တော့ ပိုနေမြဲ ကျားနေမြဲသာ..။

လိမ္မာရေးခြာရှိပြီး အရွယ်နဲ့ မလိုက်အောင် အေးဆေးတည်ငြိမ်လှသော သူမသည်... အိမ်နဲ့ အလုပ်...အလုပ်နဲ့ အိမ်လောက်သာ သိသည်ဟု ဆိုရလောက်အောင်... ရိုးအလွန်းလှသည်..။ မများလှသော အပေါင်းအသင်းထဲတွင် ကျွန်တော်သည် နောက်တိုးတစ်ယောက်ဖြစ်သည်...။ အစစအရာရာ ကျွန်တော့်ကို တိုင်ပင်လေ့ရှိသောကြောင့် သူမ နဲ့ ကျွန်တော်သည် အခြားသူများထက် ပို၍ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးရှိလှသည်..။ ဒီလိုအချက်တွေကြောင့်ပင် သူမကို ကျွန်တော် ချစ်ရေးဆိုရာတွင် အချိန်ကြာကြာမယူလိုက်ရပဲ ချစ်သူဘ၀သို့ ရောက်ခဲ့လေသည်..။

ကျွန်တော်တို့ နှစ်ယောက်လုံး၏ စိတ်ကူးက ရိုးရှင်းလှသည်..။ နောက်သုံးနှစ်ကြာလျှင် လက်ထပ်မည်..။လောလောဆယ်တော့ အိမ်တွေကို အသိပေးထားမည်...။အမေ့ကို အသိပေးဖို့ စောနေသေးသည်ကို သိသော်လည်း...သူမ၏ တောင်းဆိုမှုအတွက် ကျွန်တော်လိုက်လျောသင့်သည်..ဟု ဘာသာစဉ်းစားမိသည်..။ဒီတစ်ခါဆိုလျှင်တော့ အမေစိတ်ကြိုက်ဖြစ်မည် ..အံသြ၀မ်းသာဖြစ်လိမ့်မည်..ဟု..ကျွန်တော်တွေးမိသည်..။

"နင်ရူးနေလား...ကိုယ့်ထက်ဆင်းရဲတဲ့သူကိုယူတော့ နင့်ကို ခိုင်းစားမှာပေါ့..."
ဒီစကားကြားရလိမ့်မည်ဟုသာ ကြိုတင်သိခဲ့လျှင် အမေ့ကို သူမနဲ့ ကျွန်တော့်အကြောင်း ပြောဖြစ်ခဲ့မည်တောင် မထင်...။

ခုတော့

ကျွန်တော် မအံသြတော့ပါ...။
အမေ့ကိုလည်း မပုန်ကန်တော့ပါ...။
မိဘကို ပုန်ကန်၍ မိန်းမနောက် ကောက်ကော်ပါသွားသည် ဟူသော အဖြစ်မျိုးကို ကျွန်တော့်သမိုင်းတွင် မော်ကွန်းမတင်လိုပါ..။



************

လက်တွေ့ဘ၀သည်...စိတ်ကူးယဉ် ဖြစ်ရပ်များထက်ပို၍ ဆန်းကြယ်သည်...။

billy (11.9.2011 ) 10:23 Am

No comments:

Post a Comment