Tuesday, January 8, 2013

အသည်းကွဲခြင်း အနုပညာ


တကယ်လို့များ...တစုံတယောက်က ချစ်သူနဲ့ ကြည်ဖြူလို့ လက်တွဲ နှစ်ကိုယ်တူမြဲစေမယ် ဆိုရင်..စိတ်ညစ်စရာကောင်းပါတယ်..အသည်းကွဲတာက မှ ပိုကောင်းဦးမယ်လို့ ပြောတဲ့သူများ ရှိခဲ့ရင် ..အဲ့ဒီလူကို ရူးနေပြီလားလို့ ပြောမိမလားပဲ..။လူတိုင်း ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းဖို့ကို တစ်ဘ၀မက ..ဘ၀ဆက်တိုင်း ပေါင်းရပါစေသားဆိုပြီး မကြောက်မရွံ့ နောက်မတွန့်ပဲ ဆုတောင်း နေကြတာက အများသားလား..။ချစ်သူနဲ့လွဲ အသည်းကွဲဖို့ ကို စိုးစဉ်တောင် စိတ်ကူးမယဉ်ဝံကြပါဘူး..။ဒါကလဲ မဆန်းပါဘူး...ကျွန်တော်တို့တွေက ပုထုဇဉ်တွေပဲ ။...လူရယ်လို့ ဖြစ်လာရင်..အချစ်ကိစ္စဆိုတာ ရှောင်လွှဲလို့ မရသလို...အားလုံးကလဲ ၀မ်းနည်းပက်လက် မျက်ရည်စက်လက်ခံစားရမှာကို မကြုံချင်ကြတာ ဓမ္မတာပါ...။

ဒါကြောင့် ကမ္ဘာကြီးမှာ အသည်းကွဲမှာ ကြောက်တဲ့သူတွေ တနေ့တခြားတိုးပွားလာတာ အံသြစရာမရှိပါဘူး..။ကမ္ဘာလူဦးရေ တနေ့တခြား တိုးပွားလာတာနဲ့ အမျှ အသည်းကွဲရသူတွေ တနေ့တခြား နည်းပါးလာတယ်လို့ ရမ်းသမ်း ကောက်ချက်ဆွဲမိပါတယ်..။ အဆင်ပြေတဲ့သူတွေဘယ်လောက်များလာ သလဲဆိုရင် နှစ်စဉ် ကမ္ဘာလူ့ဦးရေတိုးတက်နှုန်းကိုသာ ဖတ်ကြည့်..။ ဒီအတိုင်းသာ ဆက်သွားနေရင် ကမ္ဘာစားနပ်ရိက္ခာ ပြဿနာအတွက် စိုးရိမ်စရာအရမ်းကောင်းပါတယ်..။အဖော်လွဲ အသည်းကွဲသမားတွေက ကမ္ဘာလူဦးရေ အဆမတန် မတိုးတက်ရေး အတွက် တဖက်တလမ်းက အထောက်အကူပြုနေတယ်ဆိုတာဟာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ပါ...ပဲ။

နောက် ကမ္ဘာ ဖျော်ဖြေရေး စင်မြင့်ကြီးမှာလဲ အသည်းကွဲ သမားတွေရဲ့ သံစဉ်တွေ ..အဖြစ်အပျက်တွေ ..ခံစားချက်တွေက လူတွေကို ရသများစွာပေးနေပြန်ပါတယ်..။အသည်းကွဲလို့ ထွက်လာတဲ့ သံစဉ်စာသားတွေက ..နှစ်ကိုယ်လက်တွဲ ပျော်မြူးမယ် ဆိုတဲ့ စာသားတွေ ထက် ပိုပြီးခံစားချက်ပြင်းတာကြောင့် ပရိတ်သတ်ကို ပိုပြီ ဖမ်းစားနိုင်ပြန်ရော်..။အသည်းကွဲ အလွမ်း အဆွေး ဘယ်လောက် ပေါက်သလဲဆိုရင်...အသည်းမကွဲ..မလွမ်း...မဆွေးခဲ့ရတဲ့ သူတွေပင်လျှင်...အတင်းဖှစ်ညှစ် လွမ်းဆွေးပြရ..တုပနေရပြီး... ဖောက်ထွက်နေရတဲ့ခေတ်ပါ..။ အတင်းဇွတ်တရွှတ်ကို... ရှိစုမဲ့စု ခံစားချက်လက်ကျန်လေးတွေကို ခြစ်ကုပ် လွမ်းဆွေးပြရပါတယ်..။ ဒါကြောင့် အသည်းကွဲနေတာဟာလည်း ကမ္ဘာကြီးလူသားတွေကို အနုပညာလက်ရောက် မြောက်စွာ ဖျော်ဖြေနေခြင်း တမျိုးပါပဲ..။

အသည်းကွဲ သမားတော်တော် များများဟာ စိတ်နှလုံး ချုံးချုံးကြနေတတ်ကြတာကြောင့် ... သူများကို ပြဿနာရှာဖို့ မပြောနဲ့ ကိုယ်ကိုယ်တိုင်တောင် မတ်တည်နိုင်ဖို့ အတော်အားထုတ်ရပါတယ်..။ ဒါကြောင့် ပြဿပေါင်းစုံနဲ့ ရုံးကြွနေတဲ့ ယနေ့လို ခေတ်ကြီးမှာ အသည်းကွဲ သမားတွေ ဟာ..အလှုပ်သမားတွေ မဟုတ်တော့ပါဘူး..။ ဆူပူရမ်းကားသူတွေ မဟုတ်တော့ပါဘူး...။ မျက်ရည် နှပ်ထွက် ကိုယ့်ဘာသာ တိုင်ပတ်နေတဲ့လူတွေ ပါ...။ ဒါကြောင့် ကမ္ဘာကြီး အတွက် တစ်ရန်အေးသွားပါတယ်..။

အသည်းကွဲသမားတစ်ယောက်မှာ ရှိတဲ့ အားသာချက်တွေ ကိုသာ သိသွားရင် အေးချမ်းမှုတွေ ..၊ စိတ်ကြည်လင်စရာတွေ ခံစားမှုတွေလည်း အများကြီးရှိပါတယ်..။ ဆိုကြပါစို့ အရက်ဝိုင်း တ၀ိုင်းမှာ ဆိုရင် အသည်းကွဲ သမား တစ်ယောက်သာပါလာခဲ့ရင် အရက်တ၀က်လောက်အား ထိုသူတစ်ယောက်တည်း သောက်နေတာကို ဘေးလူတွေကို တစ်ကိုယ်ကောင်းဆန်သည်..ဘာညာ စသည်ဖြင့် ဘာမှပြစ်တင် ပြောဆိုမှာမဟုတ်ပါဘူး..။သူအသည်းကွဲနေလို့ပဲ ဆိုတဲ့စိတ်နဲ့ ဦးစားပေးတတ်ကြပါတယ်..။နောက်ဆုံး အမူးလွန်ပြီး အိမ်မပြန်နိုင်ရင်တောင် ထမ်းပို့မယ့်သူတွေ ရှိပါတယ်...။အိမ်မှာ ဆိုရင်လည်း အသည်းကွဲ သမားတစ်ယောက်ရတတ်တဲ့ ...ဘာမျှ တနေကုန်မလုပ်ပဲ ဟိုယောင်ယောင် ဒီယောင်လုပ်ခြင်း..၊တခါတရံ အိပ်ခန်းထဲ၌ အကြောင်းမဲ့ခွေနေခြင်း..၊ ဂဂျီဂဂျောင်ကျခြင်း..၊ လိုသလောက် မုန့်ဖိုး တောင်း၍ ရခြင်း...၊ ဆူပူကြိမ်းမောင်း ဒဏ်မှ လွှတ်ကင်းခြင်း ..စသောစသော..အခွင့်အရေးတွေကို ပါးပါးနပ်နပ်ယူလို့ ရပါသေးတယ်..။

နောက် အသည်းကွဲ သမားတစ်ယောက်ဖြစ်ရတဲ့ အတွက် အခြားသူတို့၏ နာလိုခံခက်ခြင်းမှ ကင်းဝေးပါတယ်..။ကောင်မလေး ချောချောလေးတစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်နေရင်သာ..ကြည့်မရတဲ့သူ ပေါများနိုင်ပေမယ့်..အသည်းကွဲနေရင်တော့ ဘယ်သူက မှ ကိုယ်လို့ အသည်းကွဲချင်လှချည့်ရဲ့ဆိုပြီး. မနာလိုဝန်တိုဖြစ်မှာ မဟုတ်ပါဘူး..။။ထို့အ့ပြင် ...လူတကာ တို့၏ မုဒိတာ ပွားခြင်းကို ပါ ချက်ချင်းခံစားရနိုင်ပါတယ်..။ဥပမာ  ဒီလိုကောင်မျိုး ဒီလိုဖြစ်တာ..ကောင်းတယ်..နည်းတောင် နည်းသေးတယ်ဆိုတာမျိုးပေါ့..။

အသည်းကွဲ သမားဟာ.. လုပ်စရာလည်း သိပ်မရှိ..၊ သွားစရာလာစရာလည်း အဖော်မဲ့နေတတ်သဖြင့်... အခြားအလုပ်တွေကို စိတ်ပါလျှင် ပါသလို အေးအေးဆေးဆေး စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်..။ဒီလိုနည်းနဲ့ ကဗျာစရာတွေ ..၊စာရေးဆရာတွေ ..၊ နာမည်ကြီး တေးရေးဆရာတွေ ..နောက် ပန်းချီ ဆရာတွေ..မြောက်များစွာကို အသည်းကွဲခြင်းက မွေးထုတ်ပေးခဲ့ပါတယ်..။
ကမ္ဘာကျော် တော်တော်များများ အသည်းကွဲဖူးကြောင်း စာအုပ်စာပေတွေထဲမှာ ဖတ်ဖူးကြပါလိမ့်မယ်..။

ဒီလို လောကကောင်းကျိုးကို တဖက်တလမ်းက အထောက်အကူပြုနေတဲ့ အသည်းကွဲခြင်းကို တနေ့တခြား လူတွေ ထိတ်လန့်လာကြတာ..စိတ်ပျက်ဖို့ကောင်းပါတယ်..။အသည်းကွဲခြင်းသည်...အသည်းမကွဲ ပေါင်းဖက်ခြင်းလို စရိတ်စက လည်း မများလှပေ..။အသည်းကွဲခြင်းတွင် အသည်းကွဲဖို့သာ တာဝန်ရှိသည်..။ အသည်းမကွဲခြင်းမှာတော့ တာဝန်ယူမှုများစွာရှိသည်..။ဥပမာ..ကောင်မလေး တစ်ယောက် ကိုယ့်ကို သဘောကျဖို့ အချိန်ပေးရ..လူအင်အားစိုက်ထုတ်ရ..နောက်..စိတ်အင်အား..ငွေအင်အား အားလုံး အချိုးကျကျသုံးတတ်ဖို့လိုသည်..။နောင် အစဉ်ပြေသွားသည့် အခါတွင်လည်း ..ပေါင်းသင်းနေထိုင်ဖို့..၊  ကာကွယ်စောင့်ရှောက်ဖို့...၊ အကြောင်းများစွာ ခေါင်းခဲစရာတွေရှိသေးသည်..။ သဘောမကျအောင်လုပ်တာကတော့လွယ်သည်..။ မြင်မြင်ချင်း ဖက်နမ်းလိုက်ရုံနှင့် ကိစ္စပြီးနိုင်သည်..။ ထို့ကြောင့် အသည်းကွဲရတာ စရိတ်လည်းနည်း ..၀န်လည်းကျဉ်း...ခံစားရသည့် အရသာကလည်း လေးလေးပင်ပင်ရှိလှပါတယ်..။

အသည်းကွဲသမားတွေဟာ...အချစ်ရေး အချစ်ရာမှာ အားနည်းသလောက်... လူမှုရေးလုပ်ငန်းတွေမှာတော့ များစွာ အားသာနေတတ်ကြပါတယ်..။ သူငယ်ချင်း မိတ်ဆွေ တိုင်း၏ အားလပ်ချိန်တိုင်းကို အဖော်မဲ့ချင်းမှ ကင်းဝေးစေရန်...အရက်ဆိုင်..လက်ဖက်ရည်ဆိုင်... အတူလိုက်ထိုင်ပေးခြင်း..၊ဘ၀တူ အချင်းချင်း..KTV ၊မာဆတ် စသော စိတ်အပန်းပြေအနားယူစရာနေရာများသို့ အတူတကွပူးပေါင်းသွားလာခြင်း.၊ အိမ်နီးနားချင်း မိသားစုများ၏ ပုစုကရု ကလေးများကို ထိန်းပေးခြင်း..၊ မိန်းကလေးငယ်ငယ် ချောချောလေးများကို ဆုံးမခြင်း..၊ ဆရာလုပ်ခြင်း..၊ သမီးချောချော ရှိသော မုဆိုးမမိခင်ကြီးများအား..တတ်အားသရွှေ့ ကူညီခြင်း..စသည့်စသည့် လူမှုရေးလုပ်ငန်းများကို တက်တက်ကြွကြွလုပ်ကိုင်ရင်း လောက ကို ပေးဆပ်နေသူများ ဖြစ်ကြပြန်သည်..။

ကျွန်တော်တို့ ကမ္ဘာကြီးကို ဟန်ချက်ညီညီ ဆက်လန်စိမ်းလန်းရှင်သန်နေအောင် ကူညီပေးနေတဲ့ အထဲမှာအသည်းကွဲ သမားတွေ လည်းပါပါတယ်..။

ဒါကြောင့် အသည်းကွဲချင်သူ မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ရန်အတွက်၎င်း၊ အသည်းကွဲ သမားများကို ကာကွယ်ရန်အတွက် ၎င်း၊ အသည်းကွဲသမားများ တိုးတက်ရေးအတွက်၎င်း၊...အသည်းကွဲအသင်းကြီးကို ထူထောင်သင့်သည်ဟုထင်သည်..။နောက် အသည်းကွဲသမားများကို ပြုစုစောင့်ရှောက်ရန် ၊ နာလန်ထရန် အတွက် ....အသည်းကွဲ ဖောင်ဒေးရှင်းကြီးလည်း ရှိသင့်ပါကြောင်း.....

billy ( 2.10.2011) 11:30 AM


No comments:

Post a Comment