Thursday, November 22, 2012

လူယောင်ဆောင်သောလူ


ဝမ်းသာနေတဲ့ အခါလည်း
အသုဘ မို့လို့ မျက်နှာကို ညိုးထားရတယ်

ဝမ်းနည်းနေတဲ့ အခါလည်း
မင်္ဂလာဆောင်နဲ့ ကြုံလို့ ပြုံးထားရတယ်

ဝင်ပြီးဖြေရှင်းပြန်တော့လည်း
ဘာသိလို့လဲ လို့ ဘုပြောခံရတယ်

ဖာသိဖာသာနေတော့လည်း
နေနိုင်လိုက်တာလို့ စွပ်စွဲကြပြန်တယ်

သိုသိုသိပ်သိပ် နေတာ့လည်း
မမျှဝေ မခံစားတတ်ဘူးတဲ့

ပေါ်ပေါ်တင်တင် နေတော့လည်း
အလကားလိုက် ကြွားနေတာတဲ့

ရည်းစားထားပြန်တော့လည်း
ပွေလိုက်ရှုပ်လိုက်တာတဲ့

ရည်းစားမရှိပြန်တော့လည်း
ဒီအရွယ်တောင် အမြှီးမပေါက်သေးဘူးလားတဲ့

လူ့လောကထဲ စုန်ဆန်မျောရင်း
လူတွေထဲမှာ အသားကျဖို့ ကြိုစားနေတုန်း..............

ကောင်းကောင်းဆိုးဆိုး
ကိုယ့်ဘက်က အမြဲရပ်တည်ပေးခဲ့တဲ့
အမေ့စကားတွေ ပြန်ကြားရတိုင်း
မျက်ရည်ဝဲမိတယ်...

"လူတိုင်းကို ကိုယ့်လိုပဲ သဘောထားပါ
ပြီးတော့ သတိထားဆက်ဆံပါ" တဲ့

တကယ်တော့ ကျွန်တော်က
လူတွေနဲ့ အဆင်ပြေအောင် ရပ်တည်နေရတဲ့
လူယောင်ဆောင်ထားရတဲ့
လူတစ်ယောက်ပါ..။

billy ( 19.11.2012)
11:41 PM

No comments:

Post a Comment