Thursday, November 22, 2012

ယနေ့အသည်းကွဲနေသည်


မျက်ဝန်းမှ မျက်ရည်ပူတချို့ သူ့အလိုလိုလိမ့်ကျလာသည်..။ ညက အိပ်ရေးမ၀ခဲ့သော ခေါင်းက တဆစ်ဆစ်ကိုက်ခဲလာပြီး လုပ်လက်စ အလုပ်ကိုရပ်ရန် အချိန်ရောက်ပြီဟု သတိပေးနေသယောင်ပင်..။ စာအုပ်ကို လှန်လိုက်သော်လည်း စာလုံးတွေက အမြင်ထွေပြား ခပ်ဝါးဝါးပင်ဖြစ်သည်..။ စာဆက်ကြည့်ဖို့ ဘယ်လိုမှမဖြစ်နိုင်ကို ကောင်းစွာ သိနေသဖြင့် စာအုပ်ကို ပိတ်ပြီး ရေချိုးရန် ပြင်လိုက်သည်...။

အုတ်ရေကန်တွင်းက ရေမှာ ညသိပ်ထားသဖြင့် အေးစက်လွန်းလှသည်..။သို့သော် သူ့ရင်တွင်းမှ အပူကိုတော့ အေးချမ်းအောင် မစွမ်းနိုင်ပေ..။ စာမေးပွဲဖြေရမည် ဆိုသော အသိဖြင့် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေသော ဦးနှောက်ကို ပူပန်တတ်အောင် ... သွက်လက်တက်ကြွလာအောင် .. ကြိုးစားကြည့်သော်လည်း အချည်းနှီးသာ..။

ငယ်ငယ်က စာမေးပွဲဆိုလျှင် အောင်ရုံမက အဆင့်ကောင်းမှ အိမ်ကို ရီပို့ကဒ် ပြရဲသည်...။ စည်းကမ်းတင်းကျပ်သော အဖေ့ကြောင့် အဆင့်မကောင်းလျှင် ကြိမ်လုံးနှင့် မိတ်ဆက်ခံရမြဲဖြစ်သည်..။ အတန်းကြီးလာလေ အဆင့်ကြီးလာလေ ဖြစ်သောကြောင့် နောင်အခါ ကိုယ့်ကိစ္စ ကိုယ့်ဘာသာ တာဝန်ယူရတော့သည်..။ကိုယ်တိုင် အဖေ့လက်မှတ်အတုထိုး၍ ဆရာမလက် ပြန်အပ်စမြဲ...။ နောက်ဆုံး အိမ်ကလည်း စားမေးပွဲ မကျသည်ကပင် တော်လှပြီဟု သဘောပေါက်သွားဟန်တူသည်..။ ရီပို့ကဒ် အကြောင်း စကားမဟတော့..။

အရာရာတွင် ကိုယ့်ကိုယ်ကိုကြံဖန်ဂုဏ်ယူတတ်သော အကျင့်ကြောင့် နောက်ဆုံး မျဉ်းပိတ်အောင် စာရင်းလေးပါခဲ့ခြင်းသည်ကပင်လျှင် ရှုံးသူများကို ယှဉ်ပြိုင် ထပ်လောင်း အနိုင်ရခြင်းဖြစ်တော့သည်..။အတန်းထဲတွင် လစဉ် တဖုံးဖုံး ကျရှုံးနေသော သူငယ်ချင်းတွေကို သူနားမလည်နိုင်ခဲ့...။

လပတ်စာမေးပွဲကျသော်လည်းမျက်နှာမပျက်...အရယ်အမောတသောသောရယ်နဲ့...။လက်ဖက်ရည်ဆိုင်ထိုင်လိုက်...
ဂိမ်းဆော့လိုက်နှင့်ပင်..။အချိန်တန်လျှင်တော့ သူတို့လည်း အများနည်းတူ အတန်းတင်စာမေးပွဲရောက်လျှင်တော့ အောင်သွားမြဲ။
ဒါကို သူမကျေနပ်နိုင်...။ကိုယ့်မှာကတော့ ကျက်လိုက်ရတဲ့စာတွေ..စာတွေမှ မနည်းမနော..။

အထက်တန်း ရောက်တော့လည်း စီးကရက်တွေ ..အရက်တွေ..ဘီယာတွေနဲ့ ပျော်နေတတ်သော ထိုထိုသူငယ်ချင်း အစုတွင်လည်း သူမပါဝင်ခဲ့...။မ၀င်ဆန့်တာဖြစ်သလို ကိုယ်ကိုယ်တိုင်ကလဲ အိမ်ကို ကြောက်ရသဖြင့် ခပ်ကင်းကင်းသာနေခဲ့သည်..။ နည်းနည်းကွာသွားတာက တက္ကသိုလ်ဝင်တန်းတွင် ကိုယ်က အမှတ်အနည်းငယ် သာသွားသည်ကလွဲ၍ အတူတူအောင်ခဲ့ကြသည်..။

အဆောင်နေ ကျောင်းသားဘ၀တုန်းက ညီအစ်ကိုရင်းတမျှ ခင်မင်လှသော သူငယ်ချင်း သားကြီး၏ အခန်းနံရံမှ စာသားလေးတခုကို လွန်စွာ သဘောကျသည်..။ သားကြီးကိုကြည့်လိုက်လျှင် စာကျက်ဖို့ဝေး အတန်းတက်ဖို့ကိုပင် အတော်တိုက်တွန်းယူရသည်..။အခြားသူများနဲ့ မတူ သားကြီးက
တမူထူးသည်..။သောက်စားမူးရူး ရန်ဖြစ်တတ်သူမျိုးမဟုတ်...။ အအိပ်မက်လွန်းသည်..။သူရေးထားတာက..

မနိုးရ!!
ယနေ့
အသည်းကွဲနေသည်..
စာကျက်၍ မရပါ..

ဖတ်လိုက်တိုင်း ပစ္စုပန်ကိုသာ ဆိုလိုသည်ကို သဘောပေါက်သင့်သည်..။

ညနေစောင်းမှ အိပ်ရာထ..၊ဘောလုံးကန် ...၊ရေချိုး...၊မြို့ထဲသွား..၊ အရက်သောက်...၊ ထမင်းစား..၊ ဘီလီယက်ထိုး...၊ ဂိမ်းဆော့....၊ ဘောပွဲကြည့်...၊ ဖဲရိုက်....၊ ကာတွန်းဖတ်...၊ စောစောအိပ်  ( နံနက်စောစောဖြစ်သည်..) ...ဤသို့ဤပုံ လည်ပတ်နေသော သံသရာတွင် စာမေးပွဲဆိုတာ လာလာထောက်ရင် Rhythm ပျက်သွားတတ်သည်...။

အဆောင်နေ၍ ကျောင်းတက်ရသည်မှာ ကျောင်းစာလုပ်ရသည်က လွဲလျှင် ကျန်တာ အားလုံးပျော်ဖို့ ကောင်းသည်...။ စားမေးပွဲအတွက်ကတော့ တပွဲထိုးလေးတွေစပေါ့ထုတ်..ကျက်မှတ် နောက်..မိတ္တူသေးသေးဆွဲ စတေကာကပ် အဆင်ပြေသည်...။
အားလုံး ကိုယ့်အစုနဲ့ကို တက်ညီလက်ညီ ကြိုးစားကြသည်..။ သို့တိုင်အောင် သူငယ်ချင်း တစုလုံး final တွင် စာမေးပွဲကျကြသည်..။ မဖြေနိုင်မှန်း သိပါလျှက်နဲ့ အားလုံး က အဖြေကို ကြိုသိနေသလို တုန်လှုန်ခြင်းကင်းလျှက် တပျော်တပါး နေရပ်ပြန်လာခဲ့ကြသည်..။

တလောက သိပ်တော်သော သင်္ဘောသား သူငယ်ချင်းတစ်ယောက် စာမေးပွဲကျသွားသည်..။ အမူးလွန်၍ သင်တန်း ပုံမှန် မသွားနိုင်သောကြောင့်ဖြစ်သည်..။ နေ့စဉ် ဒိုင်ယာရီကို အင်္ဂလိပ်လို ငယ်ငယ်ကတည်းက ရေးလေ့ရှိသော သူငယ်ချင်းတစ်ယောက်လည်း ရာထူးတက်စာမေးပွဲကျသည်..။ ညတိုင်း အပြင်ထွက်...နေ့စဉ်မှန်မှန် ရုံးတက်နေရသောကြောင့် စာမကျက်နိုင်ရှာပေ..။ သူတို့အားလုံးတော်ကြသည်..။စာမေးပွဲ မအောင်ခြင်း ကြောင့် သူတို့ညံ့သွားသည်ဟု သတ်မှတ်၍ မရပေ..။အလယ်တန်း အထက်တန်းတုန်းလောက် က သာ ကေတီဗွီတို့ မာဆတ်တို့ ယခုလို ခေတ်စားနေခဲ့လျှင် သူပင် ဒီအတန်းထိ ပညာသင်ခဲ့ဖူးမည်မထင်..။အိပ်ရေးပျက်လွန်းသောကြောင့်ဖြစ်သည်..။

ငယ်ငယ်က စာမကျက်သော သူငယ်ချင်းတွေ စာမေးပွဲတိုင်းကို စိတ်ဝင်တစား မရှိလှခြင်း၏ အကြောင်းအရင်းကို ခုမှ သဘောပေါက်သည်...။ ဘ၀မှာ အားလုံးက အစီအစဉ်တကျရှိနေသည်မဟုတ်...။ ကြုံလျှင် ကြုံသလို လှည့်တတ်ပတ်တတ်ဖို့ လိုသလို ..တပွဲထိုး စဉ်းစားတတ်ဖို့လဲလိုသည်..။ နေတတ်လျှင် ကျေနပ်စရာကောင်းသော လူ့လောကကြီးမှာ လူသားအားလုံး နေ့စဉ်နေတိုင်း စာမေးပွဲတွေ ဖြေနေရသည်..။အမြဲတမ်း မအောင် နိုင်သလို အမြဲတမ်းလည်း မရှုံးနိုင်ပါ...။ နေပျော် ..သေပျော်ဖို့...အခြားခြားသော  စိတ်ဝင်စားခံစားမှုမျိုးစုံကိုလည်း မျှတအောင် ခံစားတတ်ရသည်..။

ကိုးရီးယား ကားထဲကလို အားနေ လက်သီးဆုပ်ပြီး အောင်ရမည်..အောင်ရမည်ဟုလည်း ကြုံးဝါးနေရုံနဲ့လည်း လိုချင်တိုင်း ရလိမ့်မည်မဟုတ်..။သူများ အမြင်ကပ်ခံရရုံနဲ့ လေကုန်ရုံကလွဲ၍ ဘာမျှ ထူးလာမည်မထင်...။ အသက်ကြီးလာလျှင် အပူတွေက ပို၍ ပို၍ များလာသလို ခံစားရတာတွေကလည်း ရင်နှင့်မမျှ ဖော်ခြင်း..သော်ခြင်း...။

အချိန်တိုင်း နီးပါး စာမေးပွဲ စစ်သလို မေးမြန်းနေသော သူတွေကို သင်ရိုးကုန် ကျက်မှတ်ဖြေရမည်လား...ကြုံသလိုလှီးလွှဲ ဖြေရမည်လား...စဉ်းစားရခက်လှသည်..။ ကျောင်းစာမေးပွဲက အနီးစပ်ဆုံး မှန်လျှင် ဂုဏ်ထူးတန်းဝင်သည်..။ ဘ၀စာမေးပွဲကတော့ အနီးစပ်ဆုံး မှန်အောင်ဖြေနေခြင်းကပင် အချစ်မ၀င် အပြစ်မြင်သွားနိုင်သည်..။

ထို့ကြောင့်လည်း ရှေးလူကြီးတွေက လူတိုင်းကို လမင်းကြီးလို တခြမ်းပဲ ပြပါလို့ ပြောခဲ့ခြင်းဖြစ်ဟန်တူသည်..။ဟိုရက်ပိုင်းကမှ သူ ဘ၀စာမေးပွဲတခုရှုံးနိမ့်ထားသေးသည်..။ မေးသူတစ်ယောက်နဲ့ ဖြေသူတစ်ယောက်သာရှိသော စာမေးပွဲဖြစ်သည်...။ အမှန်အတိုင်းဖြေမိသဖြင့်.... သူ ဂုဏ်ထူးထွက်သွားသည်..။ ပြီးပြီတဲ့... တခွန်းထဲရယ်

ကလေးတုန်းကလို မလုပ်ချင်တော့.. ရှုံးခြင်းရှုံးပါစေ...။ မထိုက်တန်၍ ရှုံးနိမ့်ရခြင်းသည်.. ။

                                           ******************************************

အတွေးစကိုဖြတ်ပြီး အမေဖျော်ပေးထားသော ကော်ဖီကို စိတ်မပါစွာ ကျိုက်ခနဲမော့လိုက်ပြီး လေးကန်နေသော ခြေလှမ်းများဖြင့် ကားမှတ်တိုင်သို့ ထွက်လာခဲ့သည်..။သို့သော် ကျောင်းကို မဟုတ်မှန်း ကိုယ်တိုင်သာ သိသည်..။ စာမရပဲ စာမေးပွဲဖြေခဲ့သည်မှာ လွန်ခဲ့သော ၁၀ နှစ်ခန့်ကဖြစ်သည်..။

ယခုတော့ သူ ကလေးတုန်းကလို မလုပ်ချင်တော့.. ရှုံးခြင်းရှုံးပါစေ...။ မထိုက်တန်၍ ရှုံးနိမ့်ရခြင်းသည်.. ။

ထိုက်တန်ရင်းနှီးမှုရှိမှ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ အကြောင်း ကြားဖူးလှပြီ..။ သူ့ရာဇ၀င်မှတော့ ချရေးစရာ နည်းပါးလွန်းနေသးသည်..။
အသည်းကွဲနေ၍ ဖြစ်မည်ထင်သည်..။


billy(5.12.2011) 11:23AM




No comments:

Post a Comment