Thursday, November 22, 2012

ဆိုင်ချက်


 သူရိန်စိုး က ပြင်ပ အစားအစာ ဆိုလျှင် လုံးဝ စား၍ မရကြောင်း ပြောပြသည့်အခါ အံသြမိသည်..။ ပြည့်စုံသည်ဆိုသော ဘ၀ကို မွေးလာကတည်းက ပိုင်ဆိုင်ထားသူမို့ အစားအသောက်နဲ့ ပတ်သတ်လျှင် ဂဂျီဂဂျောင် ကျတတ်သည်မှာ သဘာဝ ပင်ဖြစ်မည်ဟု မှတ်ထင်မိသည်..။

ကျွန်တော့်လို အိမ်မှာ ဖင်ပူအောင် မနေရသော သူမျိုးအဖို့ အပြင်စာ(၀ါ) ဆိုင်ချက် ဆိုတာ ဗိုက်ပြည့်ဖို့ အတွက် အဓိက အားထားနေရလို့ပါပဲ...။

လူတကိုယ် အကြိုက် တမျိုးစီမို့ သူ့အကြိုက်ကို မကန့်ကွက်လိုသော်လည်း သင်္ဘောသား လုပ်မယ့် သူ့ရည်ရွယ်ချက်နဲ့တော့ မကိုက်ညီနိုင်ဘူးလို့ ထင်မိကြောင်း ရှင်းပြမိ၏..။ ဒါက သူသင်္ဘော မတက်ခင်ကဖြစ်သည်..။

သူရိန်စိုးက တဦးတည်းသော သားမို့ မိဘ တွေ၏ အလိုလိုက်မှုကို ခံရသည်..။အဒေါ်တွေကလည်း တုန်နေအောင်ချစ်သည်..။ အဒေါ်အပျိုကြီးတွေနဲ့ အနေများသဖြင့် အနည်းငယ် ပျော့သည် ...ယောက်ျား သိပ်မဆန်ဟု ...သူငယ်ချင်းတွေက စနောက်တတ်သည်..။ ဒီကောင်ကလည်း ဒီကောင် ...ရံဖန်ရံခါ...သက်သက်လွှတ်စားခြင်း..၊ အဓိဌာန် ပုတီးစိပ်ခြင်း...၊ ဘုရားတက်ခြင်းသည်...စသည့် အပျိုကြီး မိန်းကလေးများ လုပ်လေ့ရှိသည့် အကျင့်များကို အမွေရဟန်သွားတူသည်..။ အရက်သေစာ မူးယစ်သောက်စား မိန်းကလေး အပျော်အပါးဆို ဝေလာဝေး...။ထို့ကြောင့် သူ့ကို အစိုးဟု ချစ်စနိုးဖြစ် နောက်ခေါ်ကြသည်..။

တခါက သူ့ကို သဘောကျသည့် ကောင်မလေး တစ်ယောက်က စတင် ချိန်းချက်သည်ကို တွင်တွင်ငြင်းဘူးသည်..။  အခါခါ ချိန်းချက် သော်လည်း သူက မလိုက်လျောသဖြင့် ကောင်မလေးက လက်လျှော့သွားခဲ့သည်...။ ကျွန်တော့်တို့ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေ ကြားမှာ ထိုအကြောင်းအရာသည် ပြောစမှတ်ဖြစ်သည်..။ ဒါနဲ့များ ဒီလိုကောင်မျိုးက သင်္ဘောတက်ဦးမည်တဲ့....။

အစိုး ပထမဆုံး သင်္ဘော တက်ပြီး ပြန်လာတုန်းက မှတ်မှတ်ရရ ... နာမည်ကြီး အရက်တလုံး ကျွန်တော်တို့အတွက် ၀ယ်လာသည်..။ အနည်းငယ် ပြောင်းလဲသွားသည်ကသူ့အိမ်နားက ကောင်မလေးတစ်ယောက်နဲ့ မေတ္တာမျှသွားခြင်းဖြစ်သည်။ ဖြူဖြူချောချော ကောင်မလေးမို့ ကျွန်တော်တို့တွေ မုဒိတာ ပွားမိသည်..။ ရိုးရိုးအေးအေး နေတတ်သူနဲ့ ဖြူဖြူချောချောလေး နဲ့မို့ လိုက်ဖက်ညီလှသည်..။

သို့သော် ဒုတိယ တခေါက် သင်္ဘော တက်ပြီး အပြန်တွင်တော့ အရက်ကို ခုံခုံမင်မင် သောက်တတ်နေပြီဖြစ်သည်..။ အကြောင်းမှာ ဖြူဖြူချောချောကောင်မလေးက ရည်းစား အသစ်ရသွားခြင်းကြောင့် ဖြစ်မှန်း ကျွန်တော်တို့အားလုံး တင်ကြိုသိနှင့်ပြီးဖြစ်သည်..။ အထွေအထူး ရှင်းပြနေစရာမလိုသော လောက ဓမ္မတာအတိုင်း အနေဝေး၍ သွေးအေးသွားခြင်းမျိုးဖြစ်သည်..။ သွေးမအေးသော အစိုးကတော့ အရက်မူးအောင်သောက် ၍ သွေးပူနေမြဲ...။

တတိယ အကြိမ် သင်္ဘော တက်အပြီးတွင်တော့ ဟိုးအရင် အစိုးနဲ့ ဘာမှ မဆိုင်တော့...ယခင်လိုလဲ အစားအသောက်ဂျေးမများတော့..။မူးလာလျှင် ဘာမဆိုအကုန်စားသည်...။ မမူးလျှင်လည်း ကြုံတာစားသည်..။

အစီအစဉ်အတိုင်းဆိုလျှင် ညစဉ် စားသောက်ဆိုင် ထိုင်ပြီးတိုင်း...KTV , ပြီးလျှင်တော့ မာဆတ် သို့မဟုတ် ကလပ်တက်ခြင်းဖြစ်သည်..။အစိုးယခင်လို ဘုးရာမတက် ဥပုဉ်သတင်း မစောင့်နိုင်တော့ခြင်းသည်.. အရက်ကြောင့်ဖြစ်သည်..ဟု ဆိုလျှင် ..အရက်ဘာကြောင့် အမြဲသောက် ရသလဲမှာ အကြောင်းအရင်းရှိသည်..။

လောကတွင် ဒီလိုဒီလို အဖြစ်မျိုးတွေ ဒုနဲ့ဒေးမို့ အထူးအဆန်း ဟု မဆိုသာသော်လည်း ဒီလောက် ရိုးရိုးအေးအေး နေတတ်သော သူငယ်ချင်း..ကို ဘယ်လို အကြောင်းမျိုးဖြင့် စွန့်ခွာခဲ့လဲဟု ဖြူဖြူချောချောကောင်မလေးကို မေးကြည့်ချင်သည်..။

ယခုတော့ အစိုးတစ်ယောက် ဆိုင်ချက်ကို ခုံခုံမင်မင်စားသောက်တတ်နေပြီဖြစ်သည်..။  ...menu လှန်လိုက်သည်နဲ့ ကြိုက်တာကို ဈေးမေး မှာယူနိုင်သည်..။ ရွေးချယ်စရာအခွင့်အလန်းပိုများသည်..။ အိမ်မှာလို ရှိတာကိုပဲ အောင့်အီးစားရသည့် ဒုက္ခမှ ကင်းဝေးသည်..။ဘယ်ဟင်းကိုပဲ စားစား အရသာက အဆင်ပြေသည်..။ တွဲဖက်စားသောက်စရာ ဖော်ဖော်သီသီရှိသည်..။ ငပိအတို့..၊ နိုင်ချင်းရသေးသည်..။ အရည်သောက်ကလဲ ပါသေးသည်..။ လက်နဲ့စားမလား...ဇွန်းခရင်းလား...။ ဒါ့အပြင် စားပြီးလျှင် ပန်းကန်ဆေးရခြင်းမှ ကင်းဝေးသည်..။ ဆိုင်ချက်စားခြင်း၏ အားသာချက်တွေအကြောင်း ပြောလျှင် တပုံတပင်
ဝယ်စားရတာ...ပိုအဆင်ပြေတယ်ကွ..ဟု အစိုးကပြောပြတတ်သေးသည်..။

ယခုတော့ အစိုးတစ်ယောက် ရည်းစားတွေ အများကြီးထားတတ်နေပြီဖြစ်သည်..။ ကောင်မလေးတွေ အများကြီးနဲ့ တွဲတတ်နေပြီဖြစ်သည်..။ အရင်လို သူ တစ်ယောက်တည်းကို အများကြီးချစ်ဖို့လဲ သူ မစဉ်းစားတော့..။ ..
...menu လှန်လိုက်သည်နဲ့ ကြိုက်တာကို ဈေးမေး မှာယူနိုင်သည်..။ ရွေးချယ်စရာအခွင့်အလန်းပိုများသည်..။ အိမ်မှာလို ရှိတာကိုပဲ အောင့်အီးစားရသည့် ဒုက္ခမှ ကင်းဝေးသည်..။ဘယ်ဟင်းကိုပဲ စားစား အရသာက အဆင်ပြေသည်..။ တွဲဖက်စားသောက်စရာ ဖော်ဖော်သီသီရှိသည်..။ ငပိအတို့..၊ နိုင်ချင်းရသေးသည်..။ အရည်သောက်ကလဲ ပါသေးသည်..။ လက်နဲ့စားမလား...ဇွန်းခရင်းလား...။ ဒါ့အပြင် စားပြီးလျှင် ပန်းကန်ဆေးရခြင်းမှ ကင်းဝေးသည်..။ ဆိုင်ချက်စားခြင်း၏ အားသာချက်တွေအကြောင်း ပြောလျှင် တပုံတပင်
ဝယ်စားရတာ...ပိုအဆင်ပြေတယ်ကွ..ဟု အစိုးကပြောပြတတ်သေးသည်..။


ဖြစ်ရပ်မှန်မဟုတ်ပါ..။

billy (16.1.2012)
pm: 1:03



No comments:

Post a Comment