Thursday, November 22, 2012

လျှော့ကြိုးများ


လမ်းလျှောက်သံ ခပ်ပြင်းပြင်းက ဇာခြင်ထောင်ပါး...စစ်စောင်ထူထူကို ကျော်ဖြတ်ပြီး နားစည်ကို ရိုက်ခတ်လာသည်...။ နာရီကိုကြည့်တော့ နံနက် ၆ နာရီပင် မထိုးတတ်သေး...။ တမှေးကွေးလိုက်ချင်သေးသော်လည်း... ရေချိုးခန်းအတွင်းမှ အ၀တ်ရိုက်သံ တဖုံးဖုံး က ဆူဆူညံညံထပ်ထွက်လာပြန်သည်...။ ဆက်မှေးလို့ မဖြစ်နိုင်မှန်း သိသောကြောင့် အိပ်ရာကိုလုံးထွေး သိမ်းလိုက်ပြီးနောက်... ကြွက်လျှောက်တွင် တင်ထားသော ညက စီးကရက်ကို ရှာလိုက်သည်..။ အိမ်သာတက်ရင်း ဆေးလိပ်သောက်ရသည့် ဖီလင်ကို ဆေးလိပ်သောက်တတ်သူ တွေသာ သိနိုင် ခံစားနိုင်သည်...။ ညက သူ ချန်ထားသော စီးကရက် သည် ယခုမနက် အိမ်သာတက်လျှင် သောက်ဖို့ အတွက်ဖြစ်သည်...။

မတွေ့..။ဟို..မောင်မင်းကြီးသား သောက်သွားခြင်းပင်ဖြစ်လိမ့်မည်...။ မနက်စောစော ကွိုင်မတက်ချင်သောကြောင့် ဂျာနယ်တစ်စောင်ကို ယူ၍ အိမ်သာ တွင်းသို့ သူလှမ်းဝင်လိုက်သည်...။ကြည့်စမ်း...တော်တော်စုတ်ပဲ့တဲ့ကောင်...ရေကို သေချာမလောင်းသွားသောကြောင့် အတုံးလေးတွေက ရေပေါ်တွင် ပေါ်လောပေါ်လို့...။ အဆောင်နေ သူငယ်ချင်းချင်း ပြဿနာ အသေးအဖွဲလေးတွေကို ဗွေ မယူချင်တော့..။
သူစိတ်ကို လျှော့ချလိုက်သည်...။

ဆောင်းတွင်း မနက်စောစော ရေချိုးလိုက်ရသဖြင့် တကိုယ်လုံး အအေးမိထားသော လူနာလို ကတုန်ကယင်ဖြစ်သွားသည်..။ ထုံးစံအတိုင်း ဟမ်းဘတ်အိပ်ကို လွယ်၍ ကားမှတ်တိုင် အနီး လက်ဖက်ရည်ဆိုင်သို့ထွက်ခဲ့သည်..

စားပွဲထိုးတွေက လည်း အရင်လူတွေလိုမဟုတ်..။ ဆက်ဆံရေးကလည်း ညံဖျင်းလွန်းသည်..။ စားပွဲခုံတွေကလည်း ညစ်ပတ်ပေရေနေသည်ကိုလည်း သန့်ရှင်းရေးမလုပ်..။ ရေနွေးပူပူလေးတွေ ကိုဖြည့်ရကောင်းမှန်းမသိ..။ မျက်လုံးတွေက ဖွင့်ထားသော LCD တီဗီမျက်နှာပြင်ကိုငေးနေရင်းမှ စည်းချက်လိုက်သလို ပါးစပ်တွေက တရွရွ တလှုပ်လှုပ်.တချို့ကတော့ အိပ်ရေးမ၀သလို လေးတိလေးကန်နဲ့.။သောက်နေကျ အဖျော်ဆရာ မရှိတော့သော်လည်း.. ဆိုင်ကိုတော့ သူပြောင်းမထိုင်ဖြစ်ခဲ့သည်မှာ... ထိုင်နေကျ ဆိုင်ကို မစွန့်ခွာရက်...သောကြောင့်ဖြစ်နိုင်သည်ထင်သည်။ပြဿနာ အသေးအဖွဲလေးတွေကို ဗွေ မယူချင်တော့..။ သူစိတ်ကို လျှော့ချလိုက်သည်...။

အရသာ မရှိသော လက်ဖက်ရည်ကို သောက်လိုက်ရသောကြောင့် ခံတွင်းချဉ်ပြေအောင် ဆေးလိပ်ကိုဖွာရင်းမှ ကားဂိတ်ဆီသို့ သူ့ခြေလှမ်းတွေကို လေးလေးကန်ကန် လှမ်းနေမိသည်..။ ရုံးတက်ချိန် ..ရုံးဆင်းချိန်တိုင်းလိုင်းကားစီးရသည့်ဒုက္ခက မသေးလှ..။ ဂျပန်စစ်ကျန် ဘီအမ်ကားတွေကို စီးလျှင် လိုရာခရီး မြန်မြန်ရောက်သည်..။ သို့သော် ကားအမိုးနိမ့်သဖြင့် ခေါင်းကို အရမ်းငုံထားရသည်က ရေရှည်ကျတော့ မလွယ်...။ ထို့ကြောင့် smart ကျကျ စီးနိုင်မည့် အထူးကားကို ရွေးစီးမိသော်လည်း ကားပေါ်ရောက်မှ မှားမှန်းသိတော့သည်..။

အထူးကားဆိုသည်မှာ အလွန်အမင်း အထူးတလည် ကျပ်ညှပ်သလို...အထူးပင် အတက်အဆင်းခက်လှသည်..။  လူတစ်ကိုယ်စာ အလယ်လျှောက်လမ်း ကျဉ်းကျဉ်းလေးမှာ လူတွေက ဖင်ချင်းပေါက်လောက်အောင် ကျပ်ကျပ်ညပ်ညပ်စီရီရပ်နေရလေ့ရှိသည်..။အကြောင်းကြောင်းကြောင့် မိန်းကလေးများ၏ နောက်ဘက်မှ ကပ်၍ တိုးမိလျှင် လည်း မျက်စောင်းခဲခံရသည်..။ အနေအထိုင် မတတ်လျှင်လည်း စပယ်ယာ၏ အပြောအဆို ကိုတိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်းခံရသေးသည်..။ ဒီ့အပြင် စီးထားသည်ဖိနပ် ၀တ်ထားသည့် အ၀တ်အစားက အစ နွမ်းလျကြေမွမှ ကားပေါ်က ဆင်းရသည့်ဘ၀...။ပြဿနာ အသေးအဖွဲလေးတွေကို ဗွေ မယူချင်တော့..။
သူစိတ်ကို လျှော့ချလိုက်သည်...။

အလုပ်ရောက်တော့လည်း များလိုက်သည့်အလုပ်တွေ...တကမ္ဘာလုံးက အလုပ်ကိုယ်တစ်ယောက်တည်း လုပ်နေရသလားမှတ်ရသည်..။...ဒီကြားထဲ....အွန်လိုင်းရောက်နေတဲ့ ချစ်သူကလည်း ဇီဇာကြောင်ပါဘိသနဲ့..။ ခြေထောက်ဖြင့် နင်းရသည့် ကီးဘုတ်များရှိလျှင်အော်ဒါတောင် မှာချင်သေးသည်..။ လက်ကမနား ပါးစပ်ကမအားရတဲ့ ကြား... စိတ်ကပါဗျာများနေရသည်ကို သူမ မမြင်...။ စာတစ်ကြောင်းမတက်တော့လျှင် အသက်ရှူမှားလောက်သည့် စကားလုံးများဖြင့် စကားနာထိုးတော့သည်..။ အချဉ်ပေါက်ပြီး ကလော်တုတ်ပစ်လိုက်ချင်သော စိတ်ကို ကြိတ်မှိတ်မြိုသိပ်ထားရပြန်သည်..။ ကိုယ့်မှာလည်း ရှားရှားပါးပါး ဒီတစ်ယောက်ပဲရှိသည်မဟုတ်လား..။
ပြဿနာ အသေးအဖွဲလေးတွေကို ဗွေ မယူချင်တော့..။
သူစိတ်ကို လျှော့ချလိုက်သည်...။

ရုံးပြန်ချိန် ရောက်လျှင် ကားကျပ်ကျပ်ကို ပြန်စီးရဦးမည်..။

သူမနဲ့ တွေ့လျှင် အွန်လိုင်းမှာ စကားမပြန်နိုင်သည်ကို သူဖြေရှင်းရဦးမည်..။

ညနေရောက်လျှင် သူငယ်ချင်းတွေကို အရက်တိုက်ရဦးမည်..။

လကုန်ခါနီး အိပ်ကပ်ကပါးနေသဖြင့် သူငယ်ချင်း တဦးဦးဆီက ပိုက်ဆံချေးရဦးမည်..။

အဆောင်လခ ကြွေးကျန်တွေကို ဆပ်ရဦးမည်..။

ထမင်းဖိုးတွေ ပေးစရာကျန်သေးသည်..။

....

ပြဿနာ အသေးအဖွဲလေးတွေကို ဗွေ မယူချင်တော့..။
သူစိတ်ကို လျှော့ချလိုက်သည်...။


billy (13.3.2012)
9:39 PM

No comments:

Post a Comment