Thursday, November 22, 2012

ဘေထုပ်


အခါကြီး ရက်ကြီးမို့ထင်သည်...ဒီနေ့ ဆိုက္ကားကလည်း လွှတ်ကို ဆွဲကောင်းသည်...။ နေ့မွန်းမတည့်ခင်မှာပင် သူ ၄၀၀၀ ကျော်ရသွားသဖြင့် ထမင်းမစားခင် စားကောင်းအောင်... တခွက်တဖလား သူ ချသွားချင်သေးသည်..။ အရက်ဖြူ ဆိုင်အရှေ့ ဆိုက်က္ကားကို ထိုးအရပ်...

"ဆိုက္ကား...ဆိုက္ကား "

သူ မကြားချင်ယောင်ဆောင်ပြီး ဆိုင်ထဲ ဇွတ်ဝင်လာသည်...။
အမြည်းရောင်းသော ဒေါ်သေးသေးက အလိုက်မသိ...

"ဟဲ့..ကောင်လေး ..ဟိုမှာ ဆိုက္ကားတဲ့ "

သူ ကျွတ်သတ်ပြီး စိတ်မပါစွာဖြင့်...လှည့်ကြည့်လိုက်သည်..။
အထုပ်အပိုးတွေနဲ့ အမျိုးသမီး တစ်ယောက် ...
သူ ဆိုက္ကားကို ခွလိုက်ပြီး အမျိုးသမီးနားသို့ ကျင်လည်စွာ နင်းသွားပြီးနောက်..

"ဘယ်သွားမလဲ ...အမ"

ဆံစပ်နားမှ ချွေးစို့စို့ကို လက်ဖြင့်သပ်ချရင်း....

" ဒီလိပ်စာလေး ကိုသိသလား..အဲ့ဒီကိုသွားချင်လို့"

"အမှတ်(၈၃၉) ...ဘောဂ၀တီလမ်း..၃ ရပ်ကွက်..မြောက်ဥက္ကလာ..."

သူနှုတ်ခမ်းတို့ ကွေးညွှတ်သွားသည်...။

"သိတယ်အမ..."

"သွားရင် ဘယ်လောက်လဲ"

"ကြည့်ပေးပါ အမ"

သူသဘောကောင်းလွန်း၍ မဟုတ် ...။သူ့အိမ်၏ ခေါင်းရင်းနှစ်အိမ်ကျော်ဖြစ်နေ၍ ကိုယ်လည်း ထမင်းစားပြန် လမ်းကြုံသည်..။ ထမင်းစားကောင်းအောင် တစိတ်လောက် မချခဲ့ရခြင်းကိုတော့ သူနည်းနည်း စိတ်မကောင်းဖြစ်မိသည်..။

 "ဖွားစိန်ဥ ဒီမှာ ဧည့်သည်လာတယ်.."

သူမ ရုတ်တရက်နားမလည်နိုင်သေးသည်ကို သူသဘောပေါက်သည်..။

"ကျွန်တော်က ဒီဘက် ခြေရင်း နှစ်အိမ်ကျော်မှာ နေတာ...ဒါကြောင့် အမလိပ်စာပြောကတည်းက သိနေတာ.."

ထို့နောက် သူမ အထုပ်တွေတချို့ကို သွက်သွက်လက်လက်အိမ်ပေါ်တင်ပြီးနောက် ဖွားစိန်ဥကို နှုတ်ဆက်ပြီး အိမ်ဘက်ပြန်ထွက်လာခဲ့သည်...။

                                          xxxxxxxxxx

"ဇော်ဇော် ...မိန်းမတစ်ယောက်က အရင်က သူ့ဘ၀မှာ အမည်းစက်ရှိခဲ့မယ်..ဥပမာကွာ...အိမ်ထောင်ကျဘူးတယ်..နောက်ကွဲသွားတယ်... မင်းကလည်း သူ့ကို အရမ်းချစ်မယ်ဆိုရင်...မင်းသူ့ကို ယူနိုင်မလား...? "

"အထွန်း..မင်းကတော်တော်ပိန်းတာပဲ...လောကမှာ ဒီလောက် မိန်းမပေါတာ...လှည်းကျိုးထမ်းစရာလားကွ... ငါဆိုရင်တော့ ဘယ်လောက်ချစ်ချစ်မယူဘူး...ငါက လူကသာဆင်းရဲတာ...ဘေထုပ်တောင် ၀တ်တဲ့ကောင်မဟုတ်ဘူးကွ...အဟက်..ဟက်"

သူ ဟာသနှော်၍ ပြောလိုက်သော်လည်း ...အထွန်းက လိုက်မရယ်ပါ...။ စကားမပြောနှုတ်ဆိတ်သွားသဖြင့် ကျေနပ်စရာ မဟုတ်သော အဖြေကို ပေးမိပြီဟု တော့ သူရိပ်မိသည်..။

"မင်းကလဲ ကွာ.... ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုက်လို့ ကိုယ်ယူတာပဲ ဘယ်သူ့သောက်ဂရုစိုက်မှာလဲ..ကြိုက်ယူပေါ့ကွ..." ဟု စကားကိုဖော့ပြောလိုက်ရသည်...။

"မောင်လေး...မောင်လေး"

သူ့ကို ရည်ရွယ်၍ ခေါ်မှန်း သူမသိသေး...။အထွန်းက လက်တို့မှ သူကိုခေါ်မှန်းသိသည်..။ ဟိုတနေ့က ဖွားစိန်ဥအိမ်ကို လိုက်ပို့ခဲ့သော အမဖြစ်သည်...။ ရိုးရိုးယဉ်ယဉ်လေးနှင့် သူမပုံစံက အေးချမ်းတည်ငြိမ်လှသည်..။ အထွန်းက ဘာလဲ...ဆိုသည့် သဘောဖြင့်မျက်ခုံးပင့်ပြသည်..။

"အမ ..ဆိုက္ကားဆိုရင် ကျွန်တော့်အလှည့်မဟုတ်သေးဘူး...သူ့အလှည့်....."

အထွန်းက ရပါတယ်ဆိုသော သဘောဖြင့် ....ခေါင်းညိတ်ပြသည်..။
သူမအနီး အရောက်တွင်တော့...ကျောမှီဆိုဖာကို နေရာပြင်ပေးရင်းမှ...

"ဈေးလားအမ.."

ဟု လူတိုင်းကို မေးနေကျစကားတခွန်းက နှုတ်ဖျားမှ အလိုလျောက်ထွက်ကျလာသည်..။ဆိုက္ကားသမားဆိုတာ..အလိုက်သိမှ ဖောက်သည်များများရသည်..။စကားပြောယဉ်ကျေးရသည်..။ ဖင်ပေါ့ရသည်..။ အဖေဆိုက္ကားနင်းတုန်းကလည်း သူများထက်ဖောက်သည်များများရသည်...။ အဖေက မျက်နှာချိုသည်..။ အဖေ့ဆိုက္ကား စီးနေသည့် သူတိုင်းကို မပျင်းရအောင် ... ချွေးတလုံးလုံးဖြင့် နင်းနေရင်းမှ သာရေးမေး..၊ နာရေးမေးရင်းနဲ့  ကြားရသမျှ သတင်းမျိုးစုံပြောပြတတ်သည်..။ ငွေရေးကြေးရေးဆိုလျှင်လဲ တော်ရုံစကားမပြော ပေးသမျှကိုသာ အလိုက်တသိယူတတ်သည်..။ထိုအကျင့်တွေနဲ့ အတူ သူရလိုက်သည့် အကျင့်ကတော့ ညနေဘက်ဆိုလျှင် တခွက်တဖလားမော့တတ်ခြင်းမျှသာ...။ အခုတော့ အဖေက သူ့ဘာသာ ပင်စင်ယူလိုက်၍ ဆိုက္ကားကလေးကို အမွေရလိုက်ခြင်းဖြစ်သည်..။ ၇ တန်းကျောင်းသားဘ၀လောက်ကတည်းက ကျောင်းထွက်ခဲ့ပြီးနောက် အပြင်လောကကို သူစောစောထိတွေ့ခွင့်ရသည်..။လူရည်မလည်သေးသည့်တိုင်...လူကဲခတ်တော့ နပ်သည်ဟု ပြောလို့ရသည်အခြေအနေမျိုးဖြစ်သည်..။

သူမခေါင်းညိတ်ပြအပြီးမှာတော့ ...ဆိုက္ကားကို ခပ်သွက်သွက်နင်းရင်း အဖေ့စတိုင်လ်ကိုသူဖမ်းလိုက်သည်..။

"အမက နယ်ကလာတာလား"

"ဟုတ်တယ်"

"ဘယ်နယ်ကလဲ"

"ကရင်ပြည်နယ်က"

"ဟုတ်လား..ကျွန်တော့်အမေကလဲ ကရင်ပြည်နယ်ကပဲ...အဖေနဲ့က မော်လမြိုင်မှာ အကြောင်းပါတာ...အဲ့မှာ ၂ နှစ်လောက်ကြာပြီ..ရန်ကုန်ရောက်လာတာ...အဲ့..ရောက်စတုန်းက ရန်ကင်းမှာနေတာလို့တော့ပြောတယ်.......................
..................."

စသဖြင့်
စကားတွေ အပြန်အလှန်အများကြီးပြောဖြစ်ကြသည်...။

                            xxxxxxxxxxxxxxxx

"မဖြစ်နိုင်ပါဘူးကွယ်...။ ဒို့ဘယ်သူ့ကိုမှ မချစ်ချင်တော့ဘူး...။"

သူမနံဘေး တစ်ပေခန့်အကွာမှာ ထိုင်ရင်း သူမြေကြီးကို သစ်ကိုင်းခြောက်တခုဖြင့် အဓိပ်ပါယ်မဲ့ ထိုးစွနေမိသည်..။သူမ ကိုချစ်တယ် ပြောတိုင်း ငြင်းပယ်ခံနေရသည်မှာ အကြိမ်ပေါင်းမနည်းတော့...။ သို့သော် သူ့ကိုတော့ ဘယ်တုန်းကမှ ပစ်ပစ်ခါခါမပြောခဲ့သလို သူမအနားကိုလည်း နောက်ထပ်မလာပါနဲ့တော့ဟု ပိတ်ပင်ခြင်း မရှိ...။ သူအတွေ့အကြုံအရတော့ ဒီလိုအခြေအနေမျိုးကို နားလည်ဖို့ဥာဏ်မမှီ...။မိန်းကလေးတွေက ချစ်သူကိုသာ သူတို့အပါး ချဉ်းကပ်ဖို့ ခွင့်ပေးသည်..။မုန်းသူကိုတော့ ယောင်လို့တောင် အသီမခံ...။ သူ့အခြေအနေကတော့ ချဉ်းကပ်ခွင့်ရနေပါလျှက်နဲ့ ချစ်ခွင့်မရှိ...။ချစ်ခွင့်မရ....။
နီးလျှက်နဲ့ဝေး..မြင်လျှက်နဲ့ငေး...ကြင်လျှက်နဲ့ဆွေး နေရသည်..။

 သူ့ထက် ၃ နှစ်ခန့်ပိုကြီးကြောင်း သူမအပြောအရသိရသည်...။ သူမ အဖွား၏ ညီမ ...သူမ၏ ဖွားလေးအိမ်တွင်လာနေရင်း စက်ချုပ်သည်..။သူမ ငယ်စဉ်ကတည်းက စက်ချုပ်ပညာကို စနစ်တကျသင်ထားသည်..။ ယိုးဒယားဘက်ကမ်း အထည်ချုပ်စက်ရုံတွင် ၅ နှစ်ကျော်မျှ သွားရောက် လုပ်ကိုင်ခဲ့ဘူးသည်..။ သူသိသည်က ဒီလောက်ပဲဖြစ်သည်..။

စကားအပြောဆို ယဉ်ကျေးသိမ့်မွေ့သလို...အနေအထိုင်ကလည်း သပ်ရပ်သည်..။ တခြားသူတွေနဲ့ စကားနည်းသလောက် သူနဲ့တော့ စကားအလွန်ပြောသဖြင့်...သူကိုတော့ ခင်ရှာမှန်း သိသည်..။ သူမအနားရှိနေခြင်းကို ကိုယ်တိုင်ကျေနပ်သလို...သူမကလည်း သူ့ကို ခင်မင်အားကိုကြောင်း စကားစပ်မိလျှင် ပြောလေ့ရှိသည်..။

သူမဖွားစိန်ဥတို့ အိမ်ရောက်လာကတည်းက သူအိမ်မြဲမှန်း အဖေသာ သိလျှင်...ငါ့သား မင်းတွေ့နေပြီလား ဟု အရွှန်းဖောက်မှာ သေချာသည်..။ သူကလည်း သူ လမ်းထဲပြန်ရောက်လျှင် ဖွားစိန်ဥတို့ အိမ်ဆီလှမ်းမျှော်ကြည့်ရသည်မှာ မောလှသည်..။ အိမ်က ချုပ်စရာရှိတာမှန်သမျှ ရှာကြံနေတတ်သည်...နောက်ဆုံးမရှိလျှင် ရှိစုမဲ့စု ပုဆိုးတွေကို ကိုယ်တိုင်ဖြဲရသည်...။ ဘာရယ်မှန်းမသိ အနေနီး၍ သံယောဇဉ် ရှိရိုးမှန်လျှင် .... သူမကို သူသံယောဇဉ် ဖြစ်နေခြင်းပင် ဖြစ်ချိမ့်မည်...။ထို့ကြောင့်လဲ ကိုယ့်ဘာသာကိုယ် နားလည်သလို ဘာသာပြန်၍ ချစ်တယ်ဟု ပြောခဲ့မိသည်...။

သို့သော်... အမြဲတမ်း ငြင်းဆန်နေသော သူမ၏ အပြုအမူအတွက် သူဖြေသာဖို့ အကြောင်းပြချက်ကောင်းကောင်းလိုချင်သည်..။ထို့ကြောင့် သူအရဲစွန့်၍ မေးလိုက်သည်..။

"အမ ကလည်းဗျာ...ဘာလို့ဒီလောက်ငြင်းနေတာလဲ...ကျွန်တော် အမကို ကောင်းကောင်းလုပ်ကျွေးနိုင်ပါတယ်ဗျ...ဘာလဲ ကျွန်တော်က ပညာမတတ်လို့လား?"

ခေါင်းခါသည်..။

"ကျွန်တော်က မချောလို့လား"

"'မဟုတ်သေးဘူး.."

"ဒါဆို...ဘာလဲဗျာ...လူပျိုက အပျိုကို ရည်းစားစကားပြောတာပဲ"

"ငါ အပျိုမဟုတ်ဘူး ဇော်ဇော်..မင်းကလူပျို...ငါနဲ့ပတ်သတ်ရင် မင်းဒီဒဏ်တွေကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိမလဲ..မင်းငယ်ပါသေးတယ်ကွယ်..."

ဒေါသ စွက်နေသော သူမအသံက တုန်ရင်နေသည်...။
ဟန်မဆောင်နိုင်လောက်အောင် သူ့မျက်နှာက ကွက်ကနဲ ပျက်သွားသည်...။ သူထင်ထားတာတွေနဲ့ ကြုံတွေ့နေရသည်က အားလုံး ကမောက်ကမ တလွဲတချော်....။ သိပ်ချစ်ရသော သူမသည်...အပျိုမဟုတ် ......လောကကြီးဘာတွေ ဖြစ်ကုန်ပြီလဲ...။သူမကို အားနာလွန်း၍သာ သူထိုနေရာမှ ရုတ်ချည်းပြေးထွက်မသွားခြင်းဖြစ်သည်...။

"မင်းစိတ်ပျက်သွားပြီမှတ်လား... ငါ..အမှန်အတိုင်းပြောနေတာ.."

သူ ရင်ဘတ်ထဲကိုမြင်ရသည့်အလား...ခွန်းဟလာသည်..။
ကိုယ်ကိုယ်တိုင်လည်း ဘယ်တုန်းကမှ မတောင့်တခဲ့သော အဖြစ်အပျက်...။

"ငါ ဒီအကြောင်းတွေ ကိုမပြောချင်တော့ဘူး...မပြောဘူးလို့လဲ ဆုံးဖြတ်ထားတာ..ဒါပေမယ့် မင်းအတွက် အရမ်းအရေးကြီးနေမယ်ထင်လို့ ..ပြောပြနေရတာ...ငါ အိမ်ထောင်ကျဘူးတယ်......................"

နောက်ထပ်စကားသံတွေကို သူ မကြားနိုင်လောက်အောင်..သူ့စိတ်ဝိညာဉ်က ခန္ဒာကို စွန့်ခွာသွားပြီး ဟိုးချောက်အနက်ကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ပင်...။ လောကတခွင်လုံး အမှောင်ဖုံးသွား သလို မြင်သမျှ မည်းမည်း မသဲကွဲချင်တော့...။ သူမ စကားတွေ အဆုံးမှာတော့ တကိုယ်လုံး တုန်ယင် ပြိုပျက်သွားချင်သည်..။ သူမကဲ့သို့ပင် ဝေ့တက်လာသော မျက်ဝန်းမှ မျက်ရည်စတို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်းမှ ရင်တွင်းမချိ...ကြိုတင်တွေ့ခွင့် မရခဲ့ခြင်းကို နှမြောတသနေမိသည်..။ နပိုလီယံက ၀ါးတာလူး စစ်ပွဲမှာ တစ်နာရီနောက်ကျ၍ အာဏာ ဘုန်းမီး အဆုံးသတ်ခဲ့ရသည်..။ သူကတော့ ဘယ်တုန်းက မှ နိုင်ခွင့်မရနိုင်သည့် အချိန်လွန်တိုက်ပွဲကို များစွာနောက်ကျပြီးမှ အားတက်သရော် တိုက်ခိုက်နေသလိုပင်...။

"ဒါကြောင့် နင် ငါ့ကိုချစ်ဖို့ မကြိုးစားပါနဲ့..."

သူမစကား အဆုံးတွင်တော့ နှုတ်ဆိတ်မိနေသော ကိုယ်ကိုယ်ကို လည်း မအံသြမိ..။တကယ်တမ်းက ရုပ်ရှင်တွေထဲကလို ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ချစ်နေမှာပါဆိုသော အိုက်တင်မျိုးနဲ့ မျက်ရည်ရွဲလည် ပွေ့ဖက်လိုက်ရုံသာ..။ လက်တွေ့မှာတော့ ဒီလိုမဖြစ်...။
သတ္တိမကောင်းခဲ့တာ လား... ရင်ဆိုင်ရမှာ ကြောက်တာလား ... ။

ဘာလိုစကားသံမှ သူ့နှုတ်ဖျားမှ ထပ်မဟခဲ့ခြင်းကို သူမစိတ်မကောင်းဖြစ်လိမ့်မည်(သို့) သူမ စိတ်နာလျှင်လည်း နာသွားလိမ့်မည်..။
ခွင့်လွှတ်ပါဟုလည်း သူမပြောချင်...။ ကိုယ်ကိုယ်တိုင်က လည်း လိုချင်စိတ်နည်းပါသွားပြီလား...ဟုပင်..။





                                      xxxxxxxxxxxxxxxxxx

ညက ဇက်ကျိုးအောင် သောက်ခဲ့သဖြင့် အိမ်ကို အထွန်းက ထမ်းခေါ်လာရသည်ဟု အဖေကပြောရင်းနဲ့ လျှော့သောက်ဖို့သတိပေးသည်..။

သူ ရက်ဆက် အမူးလွန်အောင် သောက်နေသည်မှာ ၁ လနီးပါးမျှ ကြာပြီဖြစ်သည်..။ မဆုံဖြစ်အောင် ကိုယ်တိုင်က ရှောင်နေလေသလား လဲ မသိ..။ဘာကြောင့် ရှောင်ပြေးပုန်းနေခဲ့ပါသလဲဟု သာ အခါခါပြန်မေးမိသည်...။ အမှန်အတိုင်းပြောရလျှင် သူမကိုယ်တိုင် အိမ်ထောင်ကျဘူးပါတယ် ဟု ၀န်ခံစကားဆိုခဲ့တုန်းက သူ တုန်လှုပ်သွားခဲ့သည်။ သူမကို ချစ်သည့်စိတ်နဲ့ ဗမာ့လူနေမှု ပတ်ဝန်းကျင်မှ စိမ့်ဝင်ထားသော အတွေးအခေါ် အယူအဆတွေနဲ့ ဘယ်ဟာ အမှန်ဆိုတာက ခွဲခြားခက်လှသည်..။

အထွန်းကို ဖွင့်ဟ တိုင်ပင်ချင်သော်လည်း စိတ်ကမ၀ံမရဲ...။အထွန်းကို ပြောခဲ့မိသော မိမိစကားတွေကိုအားနာမိသည်..။ဒါတောင် မှ ညက သူအမူးလွန်ပြီး ရင်ဖွင့်ခဲ့လေသလားပင် မသေချာ..။ယခုအချိန်ထိလည်း တွေဝေေ၀၀ါးနေသော သူမျက်ဝန်းထဲတွင် သူမကို အချိန်တိုင်းနီးပါးမြင်နေရဆဲပင်..။သူမကို မြင်တိုင်း ရင်ထဲမှာ ကိုယ့်ကိုယ်ကို မကျေနပ်...။စိတ်ဓါတ်ပျော့ညံလွန်းသူ ...ဟု တွေးမိပြန်သည်..။ အဖေပြောသလိုပြောရလျှင်...ဒုတိယလူဖြစ်လဲ အရှူံးသမားပဲ ဖြစ်သည်..။ ပန်းဝင်ခဲ့တာကြာပြီဖြစ်သော ပြိုင်ပွဲတွင်.. အရှုံးအနိုင်က အရေးမပါတော့သလိုပင်ဖြစ်နေသည်...။

"ဟိတ်ကောင်...တော်တော်ဖြစ်နေတယ်ပေါ့.."

အထွန်းစကား က ညတုန်းက သူ အသောက်များသွားခြင်းကို ဆိုလိုကြောင်း သဘောပေါက်သည်..။

"ဟ...လန်းလှချည်းလား အထွန်းရ...ဘယ်က ၀ယ်လာတာလဲ..."

အထွန်းဝတ်ထားသော ဘောင်းဘီလေးက အတော်လှသည်..။အထွန်းကိုယ်တိုင်ကလည်း အလွန်သဘောကျ နှစ်ခြိုက်နေပုံပင်..။

"ငါ ဘေထုပ်ထဲက သွားရွေးလာတာ ..၂၅၀၀ တဲ့... အဲ့ဒါ ၂၀၀၀ နဲ့စစ်လာတာ....ဒါမျိုးက စတိုးဆိုင်မှာတောင် မရနိုင်ဘူး.."

တကယ်လည်း အထွန်းဝယ်လာသည့် ဘောင်းဘီက ဘေထုပ်ဟုပင် မထင်ရ..။ပစ္စည်းကောင်းကောင်းတခုကိုအမြဲတမ်း ခန်းနားသော စတိုးဆိုင်ကြီများမှာသာ ရလေ့ရှိသော အတွေးသည် မမှန်နိုင်...။ တခါခါ တခွန်းဆိုင်ကြီးများမှာတောင် မှ ဒီလို ဘေထုပ်တွေကို သေချာထုပ်ပိုးပြီး အသစ်သဖွယ် ဈေးကြီးကြီးနဲ့ ရောင်းလေ့ရှိသည်ဟု တောင်ကြားဖူးသည်..။ တချိုချို့သော နားလည်သူ တွေက brand ကောင်းကောင်းတွေကို ဘေထုပ်ထဲမှာပဲ သွားဝယ်လေ့ရှိကြောင်းလဲ ပြောပြဘူးသည်..။ပစ္စည်းတခုသည် ဟောင်းသည်ဖြစ်စေ..သစ်သည်..ဖြစ်စေ..ကိုယ်အတွက် အဆင်ပြေသည်..သင့်လျော်သည်..လိုက်ဖက်သည်ဆိုလျှင်ပင် ကျေနပ်ဖို့ကောင်းလှပြီဖြစ်သည်..။

"ဘယ်နားက၀ယ်တာလဲ ...ရှိသေးလား..သွားရွေးရအောင်ကွာ"

အထွန်းက မဲ့ပြုံးဖြစ်ပြောသည်...

"ဟိုတခါပြောတော့ ဘေထုပ်မ၀တ်ဘူးလေ..ဘာလေးနဲ့...ခုတော့တမျိုး..."

သူ့နားထဲ အသံတွေကြားနေရသည်..။

"ဘေထုပ်ဆိုပေမယ့် အထင်တော့ မသေးနဲ့နော်..ရွှေမင်းသမီးလေးတွေကို ထုပ်ပိုးခဲ့တဲ့ ရွှေထုပ်တွေလည်း ပါသဗျ...။ဟော့ဒီမှာ ကိုကိုညီညီတွေ အကြိုက် ရော့ခ်ကာ ဆိုဒ်တွေလဲ ပါသေးတယ်နော်...။ဝင်ရွေးသွား ၀င်ရွေးသွား..သိသူဖော်စား..မသိသူကျော်သွား..။
ထိုက်သူရဲ့ ကံ အပေါ်မှာလဲမူတည်သေးတယ်..။ရပ်ကြည့်လို့ အမြတ်မရှိဘူး..။ ရေလည်း မရွေး အထည်မဆွေးတဲ့ အကောင်းစား ဘေထုပ်တွေ....အမြင်လေးနဲ့ မဆုံးဖြတ်နဲ့...အဆင်လေးလှသလို အထင်သေးလို့မရတဲ့ brand တွေချည်းပဲ..ဘေထုပ်တွေ ဘေထုပ်တွေ"

သူ့ခေါင်းထဲ လက်ကနဲဖြစ်သွားသည်...။ တကယ်တော့ သစ်ခြင်းနဲ့ ဟောင်းခြင်းထက် အသုံးတည့်ခြင်း မတည့်ခြင်း(သို့) အဆင်ပြေခြင်း မပြေခြင်း က သာ၍ အရေးကြီးကြောင်း သူသိခဲ့ဖို့ကောင်းသည်..။ကိုယ့်အပေါ် အရာရာနားလည်သူ တစ်ယောက်၏ အတိတ်က အမည်းစက်ကိုတော့ သူလစ်လျှူရှုရပေလိမ့်မည်...။ ကွက်ကနဲ ပျက်ခဲ့ရသော မျက်နှာ ကြောင့် သူမကို အားနာမိကြောင်း သူသေချာရှင်းပြရဦးမည်...။သူ့ပြောင်းလဲမှုအတွက် သူမ လက်ကမ်းကြိုပါစေဟုသာ ဆုတောင်းမိသည်..။




billy (22.12.2011) AM 0:18



No comments:

Post a Comment