Tuesday, January 8, 2013

ချစ်သူ့ အိမ်ကလေး


သော့ပိတ်ထားမှန်း သိပါလျှက် ... ယခင်လို ပြတင်းပေါက်ဆီသို့ မျက်လုံးအကြည့်တို့ က အလိုလို ရောက်သွားသေးသည်...။
ခပ်ဟဟ ပွင့်နေသော ပြတင်းပေါက်မှ တဆင့် ဟာလာဟင်းလင်း ဖြစ်နေသော အိမ်တွင်းဆီသို့ အတိုင်းသာမြင်နေရသည်..။
ယခင်ကဆိုလျှင်တော့ ဒီ ပြတင်းပေါက်မှ ကြည့်လိုက်လျှင် ကိုးရီးယားဇာတ်လမ်းတွဲကား သို့မဟုတ်....စိုင်းထီးဆိုင် သီချင်းခွေ ဒါမှမဟုတ်... စွန်းဝူးခုန်း မျောက်မင်းဇာတ်လမ်းတွဲ... တခုခုတော့ ဖွင့်ထားလေ့ရှိသော ၂၁ လက်မ တီဗီ ကို မြင်နေရစမြဲဖြစ်သည်..။
ယခုတော့ သူမတို့ မိသားစု မရှိတော့...ချေ..။

တစုံတခုကို လက်လွတ်ဆုံးရှုံး ရသလိုမျိုး ...ရင်ဘတ်ထဲမှာ နင့်နင့်နဲနဲ ဟာတာတာဖြစ်နေသည်..။ အင်တာဗျုး အောင်ပြီးခါမှာ ဒေဝါလီခံသွားရသော ကုမ္မဏီ ၀န်ထမ်းတစ်ယောက်လို ဘာကိုယူကျုံးမရ ဖြစ်ရမှန်းမသိတော့ပေ..။
၁၀ လဆိုသော အတိုင်းအတာကို သူအစကနေ၍ အကြိမ်ပေါင်းများစွာ ပြန်ရေတွက်ချင်သည်..။ ပညာသင်နှစ် တစ်နှစ်စာမျှ ရှိသော အချိန်ကာလတို့သည်...သူ့အတွက်တော့ နာရီလက်တံ တပတ်စာမျှ ပင်မရှိဟု ထင်မိသည်..။ ပျော်စရာအချိန်တို့သည်..တိတိပပ မမှတ်မိခင်မှာ ပင်... ပျက်ဆီးလွယ်လွန်းလှပါဘိ..။လွမ်းစရာတို့ကို ကြိုမြင် ပြင်ဆင်ခဲ့ပါသော်လည်း....တရက်မပြည့်လုလု အချိန်မှာပင် နှလုံးသားက ယိမ်းထိုးနေလေပြီ..။ ၀မ်းနည်းစရာတို့ကို ရှောင်ရှားဖို့ အခြေအနေပေးခဲ့ပါလျှက်...မျှော်လင့်လက်ကမ်း အချစ်စမ်းခဲ့သော... ကိုယ့်ကိုယ်ကိုယ်သာ အပြစ်ဆိုစရာရှိတော့သည်...။

သူတို့ အိမ်၏ ခြေရင်းဘက်တွင် အိမ်ငှားတွေနဲ့သာ တက်လိုက်ဆင်းလိုက် ဖြစ်နေသော ဒီအိမ်ကို သူ ဂရုမပြုခဲ့တာ နှစ်အတန်ကြာပြီထင်ပါသည်..။ သူငယ်ငယ်ကတော့ အဲ့ဒီအိမ်မှာ အပျိုကြီးတစ်ယောက်နဲ့ အမယ်အိုကြီး တစ်ယောက် နေထိုင်လာခဲ့ပြီးနောက် အမယ်အိုကြီး ဆုံးပါးသွားချိန်မှ စ၍ အိမ်ငှားတွေ တစ်ယောက်ပြီး တစ်ယောက်တက် ပြောင်းသွားလိုက်တာ...မိသားစု ဘယ်နှစ်စုမှန်းပင် သူမသိတော့..။နဂိုကတည်းက ရပ်ကွက်နဲ့ အဆက်ပြတ်နေသော သူ့အဖို့ လမ်းတွင်းရှိ လူများကိုပင် သိပ်မသိလှ...။ယခင် အိမ်ငှားများနှင့်လည်း သူ အဆက်အဆံမရှိ ဖာသိဖာသာ သာ နေခဲ့သည်..။ ဘယ်ကပြောင်းလို့ ပြောင်းလာမှန်းမသိသော မိသားစုတွေကို စိတ်ဝင်တစားစောင့်ကြည့်ရအောင်လည်း သူ မစပ်စုတတ်...။

သူမတို့ မိသားစု ပြောင်းလာသည့် အခါမှသာ သူ၏ အမူအကျင့်တို့ တမဟုတ်ချင်း ပြောင်းလဲခဲ့ရခြင်းဖြစ်သည်...။ ရွာနားကမြက်..ရွာနွားမစားဆိုသလို ရပ်ကွက်အတွင်းရှိ ပုပုရွရွ နုနုလှလှ တို့ကို ဖုတ်လေသည့် ငပိ ရှိသည်ဟု မထင်ခဲ့သော သူသည်... သူမကို မြင်မှ မြက်စားချင်လာသည်..။အဲလေ... နှလုံးသားက တဖန်ပြန်လည် လှုပ်ရှားလာသည်..။

တကယ်တော့ ၃၀ စွန်းစပြုနေသောသူ့အတွက်...နှလုံးသားရေးရာဆိုသည်မှာ အစိမ်းသက်သက်တော့ မဟုတ်ပေ...။အတန်အသင့် မျှ အတွေ့အကြုံ ရှိသည့်အလျှောက် အထိုက်အလျှောက်တော့ ကြံခိုင်ပါသည်..။ သူမနဲ့ ထိပ်တိုက်ဆုံဖို့ သက်သက်ကြီး မကြိုးစားခဲ့သော်လည်း...တည့်တည့်ကြီး တိုက်မိတော့ မလိုအကြိမ်ပေါင်းများစွာ ကြုံကြိုက် အပြီးမှာတော့ နှလုံးသား က မကြံခိုင်ချင်တော့..။ နဂိုကတည်း အိုချင်နေသော စိတ်ခံကလေးနဲ့ ရူပါကလေး အသင့်အတင့်ရှိသော သူမကြောင့် ရောဂါဟောင်းတို့ ကထကြွလာတော့သည်...။

တကယ်တမ်း ကိုယ့်ထက် ၁၀ ကျော်မျှ ငယ်သော မနူးမနပ် ကလေးကို ၀င်လုံးရသည်မှာ သိပ်တော့ မခက်လှပေ..။ ပွဲစားလေးလုပ်လိုက်..၊ သူများကားလေး Black Taxi အချိန်ပိုင်းလေးမောင်းလိုက်နဲ့ အတန်ငယ်ဝင်ငွေဖြောင့်သော သူ့အတွက် ကလေးသာသာလေးကို အထင်ကြီးအောင် သူဟန်ကောင်းကောင်းလုပ်နိုင်သည်...။ တက္ကသိုလ် ဒုတိယနှစ်မျှသာရှိသော သူမကို.. သူပြောနေကြ...မတတ်တတ်ဘိုစကား..၊ အိုင်းစတိုင်း၏ အီဗော်လူးရှင်းသီအိုရီ...၊ မိုးဇက်၏ ကဗျာ...များ...၊ အွန်လိုင်းက အလကားရတဲ့ သီချင်းများ...၊ ဖေမြင့်၏ ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် စတဲ့ စတဲ့ အကြောင်းအရာများနဲ့ အတူ ခင်မင်ငြိတွယ်အောင် သူလုပ်နိုင်ခဲ့ပြီးဖြစ်သည်..။

သူမနဲ့ အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း... အလွန်ချေးငှားထူသော...သူမ၏ မိခင်..၊ အလွန်ဆိုးသွမ်းပေတေလှသော သူမ၏ မောင်ငယ်လေးများကိုတော့ စိတ်ပျက်လှသည်..။ နဂိုကတည်း အေးအေးချမ်းချမ်း နားအေးပါးအေး နေချင်လှသော သူ့စရိုက်နဲ့တော့ မကိုက်လှပေ...။ မချစ်သောလည်း အောင့်ကာနမ်းဆိုသလို သူမမျက်နှာကြောင့်ပင် ... မပျော်သော်လည်း ပျော်သယောင်ယောင်နေ နေရသည်..။

မဆိုင်ခင်ကတည်း က ကိုယ့်သားအရင်အချားလို သဘောထားနေသော သူ့မ အမေကြောင့် သူ
နှစ်အတန်ကြာစုဆောင်းထားသော အိုစာမင်းစာ ကလေးတွေပင် ခန်းခြောက်စပြုနေလေပြီ..။ သူ့မှာလည်း အရပ်ထဲတွင် ဟန်လေးနဲ့သာနေရသောလည်း... လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့... ဒီအိမ်ကလေးတစ်လုံးသာ အမွေဆိုင်လေးရှိသည်..။ အမတွေက အိမ်ထောင်သည်တွေဖြစ်နေ၍ လူပျိုလူလွတ်ဖြစ်သော သူ့ကို ပေးနေသည့် သဘောမျှသာရှိသည်..။အချိန်မရွေး ဘုံပျောက်သွားနိုင်သောကြောင့် လက်ထဲတွင်တော့ ပိုက်ဆံ အနည်းအကျဉ်းရှိမှ ဖြစ်ပေလိမ့်မည်...။ လူကဲခတ်ပါးနပ်လှသော သူမ အမေက သူ့အကြံအစည်ကို ကြိုသိနေသည့်အလား... သမီးလေးဗန်းပြ ... ရှိသမျှ စွဲချနေရာ့သလားဟုပင်ထင်ရသည်..။

ချစ်ရေးဆိုခါနီးတိုင်း.... သူမ မိသားစုဝင်များ၏ မျက်နှာကိုမြင်ယောင်မိသောကြောင့် ...နှုတ်ဆိတ်မိသည်..။မျှော်လင့်နေသော သူမ၏ မျက်ဝန်းတွေကို မသိကျိုးကျွန်ပြုရလောက်အောင်နှလုံးသား က မမာသော်လည်း...၊ နဂိုကတည်းက မိသားစုတာဝန်ကို ထိတ်လန့်နေသော အတွင်းစိတ်က ... မ၀ံမရဲဖြစ်နေခဲ့သည်...။ ပစ်ရမှာလဲ ဆီတ၀င်းဝင်း ၊ စားရမှာလဲ သဲတရှပ်ရှပ်ဆိုသလို ... ခြေတုံချတုံနဲ့...။ငယ်ငယ်ရွယ်ရွယ် ရူးရူးမိုက်မိုက်အရွယ်တုန်းကဆိုလျှင်တော့ ကိစ္စမရှိ...ဖြစ်ချင်ရာဖြစ် နှလုံးသားက သာအရေးကြီးသည်..။ ယခုတော့ ကိုယ်နဖားကြိုး ..ကိုယ်တိုင်ထိုးရမယ့် နွားလိုအဖြစ်မျိုး..။ မြက်တဆုပ်အတွက်...ဘ၀စုတ်သွားနိုင်တဲ့ အဖြစ်...။

နှလုံးသားကို ငှားမကစားလိုသောကြောင့် အပိုင်လေး လိုချင်ပါသော်လည်း ... တန်ဖိုးမြင့်လှသဖြင့် လက်တွန့်မိသည်..။တကယ်တော့ အငှားဆိုလျှင် ဘာမျှမကောင်း...။ အိုးပိုင် အိမ်ပိုင်ရှိလျှင်ပင် စောင့်ရှောက်ထိမ်းသိမ်းရန်တာဝန်..၊ ပြုပြင်ရန်..၊ တိုးချဲ့ရန် စသည်ဖြင့် အကြောင်းများစွာရှိသေးသည်...။ အိမ်ငှားကတော့ တာဝန်ပေါ့သလိုလိုနှင့်..တကယ်တမ်းတွင်တော့ လွန်စွာမှ အောက်ကျနောက်ကျနိုင်လှသည်..။ယခုပဲကြည့် အိမ်ငှားလေးဖြစ်သော သူမတို့မိသားစုသည်..လစေ့သဖြင့်... နောက်တနေရာသို့ ထပ်မံပြောင်းရွေ့သွားရပြန်သည်..။

တနေရာက တနေရာ မိသားစုလိုက် ပြောင်းရရွေ့ရသည်မှာ လွယ်ကူလှသည်တော့မဟုတ်..။လွန်စွာမှ ကရိကထများလှသည်..။အခြေကျပြီးသား အနေအထားအားလုံးကို သိမ်းဆည်း ပြီး အခြားတနေရာတွင် ပြန်လည်ထူထောင်ရသည်..။
နှလုံးသားသည်..လည်း ထိုနည်းလည်းကောင်း... တဦးဆီမှတဦးသို့ အကူးအပြောင်း တွင် လွန်စွာမှ ကရိကထနိုင်လှသည်..။ ခံလည်း ခံစားရသည်...။ အမှတ်ရစရာ အားလုံးကို သိမ်းဆည်းပြီး..နှလုံးသားကို အသစ်တဖန် ပြန်လည်ထူထောင်ရသည်..။

ဘာပဲဖြစ်ဖြစ်...နောက်လာမည့် အိမ်ငှားကို အိမ်ကလေးက စောင့်မျှော်နေသည်..။

့ ...ဒီတခါ အိမ်ကလေးနဲ့ ခပ်ဝေးဝေးသာနေတော့မည်..ဟု ဆုံးဖြတ်မိသည်...။ ကရိကထများ၍ဖြစ်သည်..။


ဘီလီ 17.10.2011 (6:06AM)

No comments:

Post a Comment