Tuesday, January 8, 2013

ခေတ်စကားနဲ့ ခေတ်နား


စကား..စကား..ပြောပါများ... စကားထဲက ဇာတိပြ...။
ဒါက စကားအရမ်းပြောတဲ့ သူတွေကို သတိပေးထားတဲ့ စကားပါ...။ ဒါပေမယ့် အွန်လိုင်းမှာတော့ အလုပ်ဖြစ်ပါတယ်..။
စကားပြောနိုင်မှ...အကျိုးဆက်က အပေါင်းလက္ခဏာကို တိုးတက်လာမှာ မဟုတ်လား..။
အပြင်မှာ မတွေ့သေးသ၍ အဆင်ပြေနိုင်ပါတယ်..။ ဇာတိကို ကိုယ်စိတ်ကြိုက် ရွေးချယ်ခွင့်ရှိပါတယ်..။

လူတွင် များများနားထောင်ရန် နားရွက်နှစ်ဘက်ရှိ၍ နည်းနည်းပြောရန် ပါးစပ်တစ်ပါက်သာရှိသည်..ဟု ရှေးအဆိုအမိန့်များမှာ
တဆင့်သိရသည်...။ ဘာပဲဖြစ်ဖြစ် အသက်အရွယ်ကြောင့် တချို့တွေက စကားအလိုလိုနည်းကုန်သည်..။ စကားနည်းခြင်းသည်လည်း
နားထောင်နေသည်ဟု မသက်ရောက်ပေ..။ ရံဖန်ရံခါ...ကိုယ်က အဖက်မလုပ်ချင်၍ ဟု အထင်ရောက်ခံရတတ်သည်..။ လုံးဝ မပြောခြင်းထက် လုံးဝ နားမထောင်ခြင်းက ပို၍ပင်ကောင်းသည် ဟု ထင်မိသည်..။

ရံဖန်ရံခါ ကိုယ်ပြောသည်ကို နားထောင်ရန် သူတို့ကို ပြောခွင့်ပေးရသည်..။နားထောင်ချင်သယောင်..စိတ်ဝင်စားချင်ယောင် ဆောင်ရသည်..။ဒီလိုမှ ကိုယ့်ပြောသည့် အလှည့်ရောက်လျှင် သူများကလဲ စိတ်ပါသယောင် နားထောင်ပေလိမ့်မည်..။ပေးမှ ပြန်ရသည့်သဘောဖြစ်သည်..။

ကိုယ်က စပြောမည့်သူ ဆိုလျှင်တော့ အိတ်ကပ်ထဲ လက်ဖက်ရည်ဖိုးလောက် ပါသွားမှ အဆင်ပြေပေလိမ့်မည်...။ ဒါမှလည်း နားထောင်မည့်သူကို သွေးဆောင်နိုင်မည်ဖြစ်သည်..။ စကားက စိတ်ဝင်စားဖို့ မကောင်းလျှင်တောင်မှ လက်ဖက်ရည်က ဗိုက်အနည်းငယ် ဗိုက်ဝသွားနိုင်သောကြောင့်ဖြစ်သည်..။စကားများခြင်းသည်..အပြစ်မဟုတ်..။စကားပြောသည့် နေရာကသာ အဓိကကျသည်..။

ကိုယ့်က နားထောင်သူဖြစ်လျှင် စကားထောက်ပေးရသည်..။အာမေဋိတ်များ လှိုင်လှိုင်သုံးပေးရသည်..။ဟယ်..အို...ဟင်..ကျွတ်ကျွတ်..စသဖြင့်..။
ဘာမှ မဟုတ်သည့် အကြောင်းအရာ...များကို ပြောနေလျှင်တောင်မှ တုန်လှုပ်အံသြပြရသည်..။စကားပြောသူ၏ ဂုဏ်သရေ အဆင့်အတန်းကို ကြည့်၍ အရွန်းလေး ပြန်ဖောက်ပေးရသည်..။လှောင်သလို မဖြစ်စေရ..။ တောင်ကြည့်မြောက်ကြည့်မလုပ်ရ..။
လက်ဖက်ရည်အပြင်...ဆေးလိပ်..ကွမ်းပါ ထပ်ဆောင်းရနိုင်သေးသည်..။

သူတပါးတို့၏ ကတိပျက်မှု ဖောက်ပြန်မှုတို့ အကြောင်းကို ပက်ပက်စက်စက်ပြောလာလျှင် ထောက်ခံသင့်သည်..။ သူ့ဘက်မှာအသင့်ရှိကြောင်း ထင်သာမြင်သာပါစေ..။ သူ၏ အကျင့်ပျက်မှုများကိုတော့ အခြေအနေကြောင့်ဟု နားလည်ပေးရမည်..။
တသားတည်းဖြစ်ကြောင်း ...သိသာပါစေ..။

အသက်အရွယ်ကြောင့် ရင့်ကျက်သူ အလိုလိုဖြစ်လာရသည်..ဟု ထင်မိကြောင်း မကြာခဏပြောပေးပါ..။သူလိုအတွေ့အကြုံမျိုး ရဖို့မလွယ်ကြောင်း ..သွေးနားထင်ရောက်အောင်...ပြောခြင်းဖြင့် ယုံကြည်မှုရပါစေ..။ လူသည်..ကိုယ်သာ အရာရာမှာ အဆုံးစွန်းဖြစ်ချင်ကြောင်း မမေ့ပါနဲ့..။ဘာမှ အဖြစ်မရှိလျှင်တောင်မှ သူတပါး လိုက်မမှီသော အရာတခု သူ့မှာ ရှိကြောင်း ကြံဖန်ပြောပါ..။ဆော်အကြည်ဆုံး...၊ ဘ၀အနာဆုံး...၊ အခွင့်လွှတ်တတ်ဆုံး...(ကောင်းတာတွေသာဖြစ်သင့်)..။

အသက်ငယ်ရွယ်သူများကိုလည်း အထင်မသေးကြောင်း...ယနေ့ခေတ်လူငယ်တွေ ပိုသိကြောင်း ပိုတတ်ကြောင်းပြောပေးခြင်းဖြင့် ဆည်းကပ်မည့် တပည့်တပန်းတွေ အများကြီးရနိုင်သည်..။ နေရာပေးခြင်းဖြင့် ခက်ခဲသော အလုပ်များကို ကိုယ်တိုင်လုပ်ရခြင်းမှ ကင်းဝေးနိုင်သည်..။ ငယ်ငယ်တုန်းက ဒီလိုအလုပ်မျိုး လူကြီးတွေသာ လုပ်နိုင်သည်..ဟု အသိပေးခြင်းဖြင့်...ခေါင်းခံကာကွယ်ပေးမည့် သူများ ပေါ်လာနိုင်ပါကြောင်း..

အားလုံးနားထောင်တတ် ..စကားပြောတတ်ကြပါစေ..။


billy (19.11.2011) 3:17PM

မျှဝေခဲ့ရင် ကျွန်တော် နာမည်လေးကျေးဇူးပြု၍တပ်ပေးပါ..။

No comments:

Post a Comment